နောင်တရား ဇွန် ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းသား/ကျောင်းသူများအား မျက်စိနှင့်သွားကျန်းမာရေးစစ်ဆေးခြင်းကို ယမန်နေ့က ကျောင်းခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါကျောင်းကျန်းမာရေးစစ်ဆေးခြင်းကို ပြည်သူ့ဆေးရုံတာဝန်ခံဒေါက်တာ ဆုယဉ်တြာမှ မိုးရာသီတွင်အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးနည်းလမ်းများနှင့် ရောဂါဖြစ်ပွားပါကဆောင်ရွက်ရမည့်နည်းလမ်းများ၊ မိမိတို့အိမ်၊ ကျောင်းများတွင် လိုက်နာဆောင်ရွက်ရမည့် ဖုံး၊ သွန်၊ လဲ၊ စစ်အကြောင်းများကို အသိပညာပေးဟောပြောပြီး၊ ကျန်းမာရေးမှူးဦးနေမျိုးက လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းများကို ဟောပြော ဆောင်ရွက်ခဲ့သည်။
ထိုနောက် ကျောင်းသား/ကျောင်းသူများအား ပဏာမမျက်စိကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ၊ သွား/ခံတွင်းစစ်ဆေးခြင်းလုပ်ငန်းများ၊ KGကလေးငယ်များအား သွေးပေါင်ချိန်/ကိုယ်အလေးချိန်တိုင်းခြင်းများဆောင်ရွက်ပြီး ကျောင်းပတ်ဝန်ကျင်းရှိ မုန့်ဆိုင်တန်းများအား ကျန်းမာရေးနှင့်အညီရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် ခြင်ပေါက်ပွားနိုင်သော ရေသိုလှောင်ကန်များအား အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နောင်တရား(ပြန်/ဆက်)