နမ့်စန်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများကို ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric(UID) ကတ်ပြားများဆောင်ရွက်ပေး

နမ့်စန်() ဇွန် ၁၂

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ့်စန်မြို့နယ်ဦးစီးမှူးရုံးက နိုင်ငံတော် အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့်ပြီး ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက စတင်၍ အမှတ်(၂)ရပ်ကွက်ရှိအခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)တွင် ဆောင်ရွက်ခဲ့သည်။

မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ဇော်နှင့်ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်း One Stop Service နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးမှုကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ့်စန်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ထွန်းနှင့်တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်အားပေး၍ လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အ.ထ.က(နမ့်စန်)မှ အသက်(၁၀)နှစ်ပြည့်ပြီး ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၀၈)ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းများဆောင်ရွက် ပေးနိုင်ခဲ့ကြောင်းသိရသည်။

သူရအောင်(နမ့်စန်)