တောင်ကြီး ဇွန် ၁၂
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ညွှန်ကြားရေးမှူး ဦးမင်းမင်းသည် ဇွန်လ ၈ ရက်နှင့် ၉ ရက်တို့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်၊ လင်းခေးနှင့် လွိုင်လင်ခရိုင်အတွင်းရှိ ခရိုင်ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီအဖွဲ့ဝင်များ၊ မိုးနဲ၊ လင်းခေး၊ နမ့်စန်၊ ကွန်ဟိန်း၊ ကာလိ၊ လွိုင်လင်၊ ပင်လုံနှင့် လဲချားမြို့များရှိ စက်သုံးဆီအရောင်းဆိုင်များမှတာဝန်ရှိသူများနှင့် သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးများတွင် တွေ့ဆုံသည်။
တွေ့ဆုံဆွေးနွေးရာတွင် စက်သုံးဆီဝယ်ယူသယ်ဆောင်ဖြန့်ဖြူးရောင်းချနေသော Supply Chain တလျှောက် ဘေးကင်းလုံခြုံစွာသယ်ဆောင်ဖြန့်ဖြူးရောင်းချနိုင်ရေးကိစ္စရပ်များ၊ လမ်းကြောင်း တလျှောက်ရှိ Check Point များတွင် စက်သုံးဆီအရောင်းဆိုင်များသို့ ပေးပို့သည့် စက်သုံးဆီတင်ယာဉ်များအား ကြီးကြပ်စစ်ဆေးနေမှုအခြေအနေများ၊ မလိုလားအပ်သောနေရာများသို့ မရောက်ရှိစေရေး လုံခြုံရေးအရတာဝန်ရှိသူများနှင့် ပူးပေါင်းကြပ်မတ်ဆောင်ရွက်နေသည့် အခြေအနေများ၊ စက်သုံးဆီအရောင်းဆိုင်များတွင် အရည်အသွေးနှင့် အခြင်အတွယ်မှန်ကန်မှုရှိစေရေး စစ်ဆေးဆောင်ရွက်သွားရန် ကိစ္စရပ်များနှင့်သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ဖြန့်ဖြူးရောင်းချ သွားရန်ကိစ္စရပ်တို့အား ဆွေးနွေးခဲ့ကြပြီး မြို့နယ်အတွင်းရှိစက်သုံးဆီ အရောင်းဆိုင်များတွင် စက်သုံးဆီ ဖြန့်ဖြူးရောင်းချနေမှုအခြေအနေများအား ခရိုင်နှင့်မြို့နယ်ဆပ်ကော်မတီအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
ထက်ဝေ(ပြန်/ဆက်)