တာချီလိတ် ဇွန် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက မကာဟိုခမ်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ အမှတ်(၃၀)မူးယစ်တပ်ဖွဲ့စု၊ တာချီလိတ်မှ ခေတ္တတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး သောင်းရွှေနှင့် ရဲအုပ် ခင်ကိုကိုတို့က မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများ၊ ဥပဒေပြဋ္ဌာန်းချက်များ၊ ပြစ်မှု/ ပစ်ဒဏ်များ၊ မူးယစ်ဆေးဝါး/ စိတ်ပြောင်းဆေးဝါး/ ထိန်းချုပ်ဓာတုပစ္စည်းများနှင့်ပတ်သက်၍ လည်းကောင်း၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးလှဌေးက လူငယ်နှင့်စာပေအကြောင်းအရာများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးနိုင်က လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြစ်လည်းကောင်း၊ တာချီလိတ်မြို့မရဲစခန်းမှ ဒုတိယစခန်းမှူး ရဲအုပ်ထွန်းထွန်းဝင်းက မှုခင်းကျဆင်းရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ လည်းကောင်း အသီးသီး အကျယ်တဝင့် ဟောပြောခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲကို လူငယ်များအကြား မူးယစ်ဆေးဝါးအန္တရာယ်၏ ဆိုးကျိုးများကို သိရှိနားလည်စေရန်နှင့် မူးယစ်ဆေးဝါးကင်းစင်သော လူမှုပတ်ဝန်းကျင်းတစ်ရပ်ဖြစ် ပေါ်လာစေရန်ရည်ရွယ်၍ သက်ဆိုင်ရာဌာနများပူးပေါင်းကာ အသိပညာပေးဆောင်ရွက်ခြင်းဖြစ်ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းအုပ်ဆရာကြီး၊ ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၀၁ ဦးအား မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း