မိုင်းဆတ်မြို့၌ အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား သောင်းသောင်းဖြဖြကြိုဆို

မိုင်းဆတ် ဇွန် ၁၂

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးတို့အတွက် နယ်မြေလုံခြုံရေးတာဝန်များကိုထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့ရှိ နယ်မြေခံတပ်ရင်းတွင်ကျင်းပပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်စိုးနှင့်အတူ တပ်မတော်ကို ချစ်မြတ်နိုးသော ဆရာတော်သံဃာတော်များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများ နှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ဒုတိယရဲမှူးကြီးအောင်လွင် ဦးဆောင်သည့်ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအားလွန်ဦးဆောင်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ ပါဝင်တက်ရောက်ကြိုဆိုသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နေနိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာများ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေးနှင့်နယ်မြေအေးချမ်းအေးချမ်းရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို နေ့မအား ညမနား စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအား ဒုတိယတိုင်းမှူးနှင့်တက်ရောက်လာကြသူများက နယ်မြေခံတပ်ရင်းဂိတ်ရှေ့ မုခ်ဦးမှ တပ်ရင်းအဝင်လမ်းတစ်လျှောက် ပန်းကုံးစွပ်ပေးခြင်း၊ အောင်သပြေပန်းကမ်းပေးခြင်း၊ အမွှေးနံ့သာရည်ပက်ဖျန်းပေးခြင်း၊ အချိုရည်နှင့်မုန့်များ ဝေငှပေးခြင်းနှင့် တိုင်းရင်းသားရိုးရာ အတီး၊ အမှုတ်၊ အက၊ အခုန်တို့ဖြင့် သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြပြီး ဒုတိယတိုင်းမှူးက အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုအမှာစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)