‎မဟာအောင်မြေမြို့နယ် အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးမြှင့်တင်ရေးအတွက် ကျောင်းမုန့်ဈေးဆိုင်တန်းများအား ‎လိုက်လံစစ်ဆေး

‎‎မဟာအောင်မြေ ဇွန် ၁၂

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်၏ ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက  မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းကျန်းမာရေးမြှင့်တင်ရေးအတွက် ကျောင်းမုန့်ဈေးဆိုင်တန်းများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းခိုင်၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်စိုးစိုး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာရဲဘုန်း‌အောင်၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်‌ရွှေ၊ မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူး ဦးမျိုးသက်ပိုင်၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူး‌ပေါင်းအဖွဲ့ဖြင့် ရနာဘုမ္မိအရှေ့ရပ်ကွက်၊ အ.ထ.က(၁၃)ကျောင်းဝန်းအတွင်းရှိ‌ ကျောင်းမုန့်ဈေးတန်း၊ ဟေမမာလာတောင်ရပ်ကွက်၊ အ.ထ.ကခွဲ(၂)ကျောင်းဝန်းအတွင်းရှိ‌ ကျောင်းမုန့်ဈေးတန်း၊ မဟာမြိုင်(၁)ရပ်ကွက်၊ အ.လ.ကခွဲ(၄)ကျောင်းဝန်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်း၊ မဟာနွယ်စဉ်ရပ်ကွက်၊ အ.ထ.ကခွဲ(၁၂)ကျောင်းဝန်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်း၊ စင်္ကြာနွယ်စဉ်ရပ်ကွက် အ.ထ.က(၃)ကျောင်းဝန်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းတို့အား ကွင်းဆင်းစစ်ဆေးခဲ့ရာ ကျောင်းမုန့်ဈေးတန်းဆိုင်များတွင် စားသုံးရန်မသင့်သည့် တရုတ်မုန့်များရောင်းချခြင်းမပြုရန်၊ စားသုံးရန်မသင့်သည့်အစားအစာများ ရောင်းချခြင်းမပြုရန် သက်တမ်းကုန်လွန်သည့် အစားအစာများရောင်းချခြင်းမပြုရန် မှာကြားခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း