အင်တောမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေး ကွင်းဆင်းအသိပညာပေး

အင်တော   ဇန်နဝါရီ   ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသစ် များ ရွေးချယ်နိုင်ရေးအတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများအား ထပ်ဆင့်အသိပညာပေးခြင်း လုပ်ငန်းများကို ယမန်နေနံနက်ပိုင်း က ကျောက်ဂူကျေးရွာနှင့် အုန်းကွဲ ကျေးရွာအုပ်စုတို့၌ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် အင်တောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းကွမ်းခေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောက်ဂူနှင့် အုန်းကွဲကျေးရွာ အုပ်စုအတွင်းရှိ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးအား ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေပါ အကြောင်းအရာများ၊ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းနှင့် စပ်လျဉ်းပြီး အဆင့်ဆင့် လုပ်ငန်းဆောင်ရွက်မှုများကို  ဆွေးနွေးပြောကြားခဲ့သည်။  အဆိုပါအသိပညာပေး ဆွေးနွေးပွဲများ ကို မြို့ပေါ်(၆)ရပ်ကွက်၊ နန်းကောင်းမှုနှင့် နောင်ဝိုးကျေးရွာအုပ်စုများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ခိုင် (အင်တော)