မွန်ပြည်နယ် ဝန်ကြီးချုပ် အခြေခံပညာနှင့်စက်မှု၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်း(ရွာလွတ်)ရှိ ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားနေမှု၊ ကျောက်သင်ပုန်းလုပ်ငန်း၊ မွန်ရိုးရာအဝတ်အထည် အသုံးအဆောင်များနှင့် လက်မှုပစ္စည်းအရောင်းဆိုင်များ ကွင်းဆင်းကြည့်ရှု

မော်လမြိုင် ဇွန် ၁၁

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်သန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ရွာလွတ်)သို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှု အခြေအနေနှင့်  စာသင်ခန်းများ၊ ကျောင်းဝန်းအတွင်း ဟင်းသီးဟင်းရွက် စိုက်ခင်းများ စိုက်ပျိုးထားရှိမှုအား လှည့်လည်ကြည့်ရှုခဲ့သည်။

ထို့နောက် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ရွာလွတ်) ကျောင်းသုံးစာအုပ်များ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို အဆိုပါကျောင်း၌ ကျင်းပရာ ဦးစွာ ကျောင်းအုပ်ဆရာမကြီးက စက်မှု၊စိုက်ပျိုး၊မွေးမြူရေး အထက်တန်းကျောင်း၏ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က အခြေခံပညာနှင့် တွဲဖက်ကာ စက်မှု၊စိုက်ပျိုး၊မွေးမြူရေး ပညာရပ်များကို သင်ကြား ပေးခြင်းသည် မိမိတို့ဒေသနှင့် နိုင်ငံတော်အတွက် တကယ်လိုအပ်နေသည့် လူသားအရင်း အမြစ်များကို ပြုစုပျိုးထောင်ပေးခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့သင်ယူထားသည့် အတတ်ပညာရပ်များဖြင့် အသက်မွေးဝမ်း ကျောင်း ပြုနိုင်သည်အထိ ကျွမ်းကျင်အောင် သင်ကြားပေးရန်လိုကြောင်းပြောကြားသည်။

ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်က စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ၏ စားရိပ်သာအတွက် ချီးမြှင့်ငွေ ကျပ်(၁၀)သိန်းနှင့် စားသောက်ဖွယ်ရာများ၊ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများအား လည်းကောင်း၊ ပြည်နယ်ဝန်ကြီးများက စားသောက်ဖွယ်ရာများ၊ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေး ကိရိယာများအား လည်းကောင်း ‌အသီးသီးပေးအပ်ချီးမြှင့်၍ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(ရွာလွတ်)၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးသုံး သင်ထောက်ကူ ပစ္စည်းများအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မုဒွန်းကျေးရွာရှိ သမဝါယမအသင်းစု၏ အသေးစား စက်မှု၊လက်မှုလုပ်ငန်းဖြစ်သည့် ကျောက်သင်ပုန်းနှင့် လက်မှုလုပ်ငန်းမှ ဘီလူးကျွန်းသားကြီး ကျောက်သင်ပုန်းနှင့်ဒေသထွက်ပစ္စည်းအရောင်းဆိုင်သို့ ရောက်ရှိပြီး ကျောက်သင်ပုန်းအရွယ်စုံနှင့် ကျောက်သင်ပုန်းနာရီ၊ ကျောက်ထွင်းရုပ်ပုံများ၊ စာတန်းပါ ကျောက်သင်ပုန်းများ၊ ကျောက်တံများနှင့် ဓါးသွေးကျောက်များထုတ်လုပ်နေမှုအ‌ခြေ‌အနေနှင့် အောင်မြင်ဖြစ်ထွန်း‌နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု့အားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အမိမြေဒေသထွက်ကျောက်သင်ပုန်း၊ မွန်ရိုးရာ အဝတ်အထည် အသုံးအဆောင်များနှင့် လက်မှုပစ္စည်းအရောင်းဆိုင်သို့ ရောက်ရှိပြီး ကျောက် သင်ပုန်းလုပ်ငန်းပြုလုပ်ပုံအဆင့်ဆင့်၊ တံမြက်စည်းလုပ်ငန်း၊ ပလပ်စတစ်ပိုက်ဖြင့် ပြုလုပ်သော လုပ်ငန်းများ၊ မွန်ရိုးရာအဝတ်အထည်များနှင့် လက်မှုပစ္စည်းများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ကုန်ကြမ်းရရှိမှု၊ ထုတ်လုပ်မှုအဆင့်ဆင့်နှင့် ဈေးကွက် ဖြန့်ချီနေမှုများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရအနေဖြင့် ဒေသတွင်း အသေးစား၊ အလတ်စားနှင့် အငယ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) အားကောင်း လာစေရန်နှင့် မိရိုးဖလာ လက်မှုပညာရပ်များ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်နိုင်ရန်အတွက် နည်းပညာ၊ အရင်းအနှီးနှင့် ဈေးကွက်ရရှိရေး ထုတ်ကုန်များကို ပုံစံမျိုးစုံဖြင့် ဆန်းသစ်တီထွင်ပြီး ဈေးကွက်သစ်များ ရှာဖွေ၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း၊ ကုန်ကြမ်းထုတ်ယူရာတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် စနစ်တကျ ဆောင်ရွက်ပြီး ကျေးရွာသူ၊ ကျေးရွာသားများ၏ အတတ်ပညာ၊ လုံ့လဝီရိယတို့ကို အခြေခံ၍ စီးပွားရေးအောင်မြင်မှုများ ရရှိကြစေလိုကြောင်း မှာကြား၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောက်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)