လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များအား စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်

လှိုင်သာယာ(အရှေ့ပိုင်း) ဇွန်  ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း မြို့နယ်တွင် အလုပ်သမား ဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှဦးစီး၍ အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်ဖြင့်  အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များအား စွမ်းရည်မြှင့်သင်တန်းကို ယမန်နေ့ နံနက်ပိုင်းတွင် အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန၊ အမျိုးသားလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

သင်တန်းတွင် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းရဲဇော်က အဖွင့်အမှာစကား ပြောကြားသည်။ အလုပ်သမားရေးရာဥပဒေများ၊ ဥပဒေပါ အကျိုးခံစားခွင့်များ၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာအစီအမံများ၊ လုပ်ငန်းခွင်ဆိုင်ရာ လိုက်နာရမည့်တာဝန်များ၊ အလုပ်ချိန်ဆိုင်ရာ ပြဋ္ဌာန်းချက်များ စသည့် ဥပဒေပါ လိုက်နာရမည့်အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်၊ အငြင်းပွားမှု ဖြေရှင်းသူများ လိုက်နာရမည့် ကျင့်ဝတ်များ သိရှိစေခြင်းဖြင့် လုပ်ငန်းခွင်အတွင်း ဖြစ်ပွားသော အငြင်းပွားမှုများ၊ သဘောထား ကွဲလွဲမှုများ လျော့နည်းကာ လုပ်ငန်းခွင် အေးချမ်းသာယာပြီး ကုန်ထုတ်စွမ်းအားမြင့်မားစေရန် အတွက် ဝန်ကြီးဌာနအောက်ရှိဦးစီးဌာန၊ အဖွဲ့ရုံးတို့က စည်းကြပ်လျက်ရှိသည့် ဥပဒေ၊နည်းဥပဒေများအ‌ကြောင်းကို တိုင်းဒေသကြီး တာဝန်ခံများက ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ သင်တန်းတွင် WCC အဖွဲ့ဝင်များ လိုက်နာဆောင်ရွက်သင့်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များ ဆွေးနွေးပို့ချပြီး အငြင်းပွားမှုများကို လက်တွေ့သရုပ်ပြ ဆွေးနွေးသည်။ အဆိုပါသင်တန်းသို့ စက်ရုံ၊အလုပ်ရုံ (၂၇)ရုံမှ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)အဖွဲ့ဝင် သင်တန်းသား၊သင်တန်းသူ(၅၅)ဦး တက်ရောက်လျက်ရှိပြီး တာ၀န်ရှိသူများမှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ခင်၀င်းမူ(ပြန်/ဆက် )