ပင်လောင်း ဇန်နဝါရီ ၂၀
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ACCESS TO HALTH FUND ရန်ပုံငွေအဖွဲ့အစည်းတို့ ပူးပေါင်းဖွင့်လှစ်သော အရန်သားဖွားဆရာမ (၆)လ သင်တန်းဆင်းပွဲအခမ်းအနားကို ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ယနေ့နံနက်ပိုင်း က ပြုလုပ်သည်။
“ပင်လောင်းမြို့နယ်အတွင်းရှိ ဝေးလံသည့်နေရာဒေသများသို့ ကျန်းမာရေးဝန်ထမ်းများ အချိန်မီ သွားရောက်ရန် ခက်ခဲခြင်းကြောင့် အဆိုပါနေရာဒေသများမှ သင်တန်းသူများခေါ်ယူပြီး အရန်သားဖွား သင်တန်းဖွင့်လှစ် ရခြင်းဖြစ်ကြောင်း သင်တန်းတွင် စာတွေ့သုံးလနှင့်လက်တွေ့ သုံးလသင်ကြားပေးပြီး ကိုယ်ဝန်ဆောင်မိခင်များ အား စောင့်ရှောက်ပေးနိုင်ရန် အဓိကသင်ကြား ပေးခြင်းဖြစ်ကြောင်း အရန်သားဖွားဆရာမများကလည်း ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ရှောင်ရန်၊ ဆောင်ရန်အချက်များကိုလည်း လိုက်နာကြရန် လိုအပ်ကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင်လည်း အခက်အခဲရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ပို့ဆောင်ပေးကြဖို့လိုအပ်ကြောင်း”ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာခင်သိန်းထွေး က သင်တန်းဆင်းပွဲတွင် အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူ့ဆေးရုံကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက သင်တန်းသူများ အား သင်တန်းဆင်းလက်မှတ်၊ အရန်သားဖွားဆရာမများ အသုံးပြုနိုင်ရန် ဆေးပုံးများနှင့် သင်တန်းတွင် ထူးချွန်ဆုရရှိသူများကို ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခဲ့ကြပြီး အဆိုပါ သင်တန်းသို့ သင်တန်းသူ ၂၀ ဦး တက်ရောက်အောင်မြင်ခဲ့ကြောင်း သိရသည်။
ခွန်အာကာစိုး (ပင်လောင်း)