ကျိုင်းတုံ ဇွန် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများကိုယနေ့နံနက်(၉)နာရီက မိုင်းဇင်းကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ကျင်းပသည်။
ထို့သို့ဆောင်ရွက်ရာတွင် ကျိုင်းတုံခရိုင်ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ဇော်လေးက လေထု၊ ရေထု၊ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ဆောင်ရွက်ရှိလျက်ရှိသောလုပ်ငန်းများကို လည်းကောင်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်မောင်မောင်ဝင်းက ဘေးအန္တရာယ်အမျိုးအစားများနှင့် ဘေးအန္တရာယ်မကျရောက်မီ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ကျရောက်လာပါက လိုက်နာဆောင်ရွက်ရမည့်အချက်များကိုလည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းရွှေအောင်က အသိပညာဗဟုသုတမြင့်မားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက အသိပညာပေးဗီဒီယိုကလစ်ပြသခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)