မိုင်းဖြတ် ဇွန် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲကို ဇွန်လ ၁၁ရက်၊ နံနက် ၁၀နာရီက လကပ်ကျေးရွာအခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီးအရာရှိ ဒေါ်အေးဝင်းခိုင်က နိုင်ငံတော်အစိုးရက ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေးအတွက် အခမဲ့ပညာသင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့်အခြေအနေများ၊ ကျောင်းသား၊လူငယ်များ မူးယစ်ကင်းစင်ဘဝမှသည် ပညာသင်ကြားရေးအတွက် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ဆိုးကျိုးများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်သစ်တောဦးစီးဌာနမှ တောခေါင်း ဦးစိုင်းသူရအောင်က သဘာဝပတ်ဝန်ကျင်စိမ်းလန်းစိုပြေရေး သစ်တော၊ သစ်ပင်များကို ကာကွယ်ထိန်းသိမ်းရေး၊ တောမီး/ တောင်ယာမီးများ မရှို့ရေးအတွက် ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျေးရွာနေ မိဘပြည်သူများ၊ ကျောင်းသား/သူများက သိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)