သန်လျင်၌ မိုးစပါးမျိုးစေ့ချကိရိယာဖြင့်စိုက်ပျိုးခြင်းနှင့် တောင်သူများသို့ သဘာဝမြေဩဇာ၊မျိုးစေ့များ ပေးအပ်

ရန်ကုန် ဇွန် ၁၁

သန်လျင်ခရိုင် သန်လျင်မြို့နယ် ဘယက်ကျေးရွာ တောင်သူ ဦးကျော်ဝင်းနိုင်၏ လယ်မြေဧက (၁၀၀)တွင် မိုးစပါးမျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ၊ စိုက်ပျိုးရေးဦးစီးဌာနမှထောက်ပံ့သော သဘာဝမြေဩဇာ၊ ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ခြင်းနှင့် Export Zone တွင်ပါဝင်သောတောင်သူများအား Rice Exporter မှထောက်ပံ့ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ လယ်မြေယာယီမဏ္ဍပ်၌ ပြုလုပ်သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်က အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်နိုင်က စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များနှင့် တိုင်းဒေသကြီးစက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတင်မောင်ကြည်က မျိုးစေ့ချကိရိယာ(Drum Seeder)အသုံးပြုပုံနှင့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြား ကြသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့သော သဘာဝမြေဩဇာ၊ ဟင်းသီးဟင်းရွက် မျိုးစေ့များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်မျိုးအောင်၊ တိုင်းဒေသကြီး စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များနှင့် သန်လျင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇင်မင်းကိုတို့က တောင်သူများသို့ထောက်ပံ့ပေးအပ်ပြီး Export Zone တွင်ပါဝင်ကြသော တောင်သူများအား Rice Exporterကုမ္ပဏီများမှတာဝန်ရှိသူများကထောက်ပံ့ ငွေများပေးအပ် ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးနှင့်တာဝန်ရှိသူများ၊ တောင်သူများက မိုးစပါးဧက(၁၀၀) စံပြစိုက်ခင်း မျိုးစေ့ချကိရိယာ Drum Seeder ဖြင့်စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲနှင့် စက်မှုလယ်ယာ ဦးစီးဌာနက 10 Row Seederစက်ဖြင့်သရုပ်ပြမှု၊စိုက်ပျိုးရေးဦးစီးဌာနက သီးနှံစွန့်ပစ် ပစ္စည်းများအား ဘိုင်အိုချာပြုလုပ်သုံးစွဲနည်း၊ မြေဩဇာ၊ပိုးသတ်ဆေး၊ မျိုးစေ့ခင်းကျင်းပြသမှု ၊ရေအရင်းအမြစ်ဦးစီးဌာနက အနိမ့်တင်ဆိုလာရေတင်စက်များအား ကြည့်ရှု့အားပေးကြကြောင်း သိရသည်။

ဖြိုးသီဟ(သန်လျင်)