လှည်းကူးမြို့နယ်၌ သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးတောင်သူ နည်းပညာပေးဆွေးနွေးပွဲနှင့် မှိုစိုက်ပျိုးရေးသင်တန်းကျင်းပ

လှည်းကူး ဇွန် ၁၁

၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါးရာသီတွင် သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေးဆွေးနွေးပွဲနှင့် မှိုစိုက်ပျိုးရေးသင်တန်းကို ဇွန်လ (၉) ရက်နေ့နံနက် (၉) နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင် လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာတွင် ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာ အောင်မြတ်သူက ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ တောင်သူပညာပေးဆွေးနွေးပွဲများပြုလုပ်ရခြင်းအကြောင်းများ၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အ.ထ.က ကျောင်းများဖွင့်လှစ်ထားခြင်းများနှင့် ကျောင်းသားများရရှိရေးကိစ္စများနှင့် ပတ်သက်၍လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးစန်းအောင်က မြို့နယ်၏စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ သီးနှံအလိုက် အထွက်နှုန်းရရှိအောင် ဆောင်ရွက်ရေးနှင့်ပတ်သက်၍လည်းကောင်း၊ ခရိုင်မြေအသုံးချရေးတာဝန်ခံက သီးနှံအထွက်နှုန်း မထိခိုက်စေသည့် ဓါတ်မြေဩဇာလျှော့ချ သုံးစွဲနိုင်သော နည်းလမ်းများနှင့်ပတ်သက်၍လည်းကောင်း၊ ခရိုင်မျိုးစေ့တာဝန်ခံက မျိုးကောင်းမျိုးသန့်ပြောင်းလဲစိုက်ပျိုးကြရေးနှင့် ခေါင်နှံဖြင့် မျိုးစေ့ထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာများနှင့်ပတ်သက်၍လည်းကောင်း၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံက ရွှေခရုကာကွယ်နှိမ်နင်းရေးနှင့် ပတ်သက်၍လည်းကောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးရုံးမှ ဒေါ်တင်တင်ထွေးမှ မှိုစိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာ နည်းလမ်းများနှင့်ပတ်သက်၍လည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့ကြကာ တက်ရောက်လာသော တောင်သူများအား မျိုးကောင်းမျိုးသန့် အောင်နိုင်တိုးမျိုးစပါး၊ ရွှေ‌တောင်ကြီး သဘာဝမြေဩဇာများနှင့် မှိုမျိုးထုပ်များပေးအပ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တောင်သူများအား မျိုးစပါးဆားရည်စိမ်ခြင်းအား လက်တွေ့ပြုလုပ်ပြသခြင်း၊ စူပါဘိုကာရှီ ပြုလုပ်သုံးစွဲခြင်းအား လက်တွေ့ပြုလုပ်ပညာပေးခြင်းများ၊ သဘာဝမြေဩဇာအိတ်များ ကံစမ်းမဲဖောက်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အိရွှေစင်လတ်(ပြန်/ဆက်)