နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်း ပျဉ်းမနားမြို့၌ဖွင့်လှစ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲ တက်ရောက်

နေပြည်တော် ဇွန် ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်၊ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ပျဉ်းမနားမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်များကို ပြည်သူများသိရှိအောင် အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေနိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားရန်လိုကြောင်း၊ မြို့နယ်အတွင်း သဘာဝဘေးကျရောက်နိုင်ခြေများကို အမြဲ မပြတ်လေ့လာစောင့်ကြည့်ပြီး ကြိုတင်ပြင်ဆင်ခြင်း၊ စုဖွဲ့ခြင်း၊ ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းခြင်း၊ အရေးပေါ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ ကြိုတင်စုဆောင်းထားရှိခြင်းစသည့်လုပ်ငန်းများကို ပြင်ဆင်ထားရှိကာ သဘာဝဘေးကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို ချက်ချင်းဆောင်ရွက်နိုင်ရေးအတွက် စနစ်တကျ ကြိုတင်ပြင်ဆင်ထားရှိရန်လိုကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း သဘာ ဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသဘောတရားများကို သိရှိနားလည်ပြီး သဘာဝဘေး လျော့ပါးရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစဝီလီဖရန့်က သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ခြင်း၏ ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို ဇွန်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ သင်တန်းသား၊ သင်တန်းသူ ၃၀ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)