လားရှိုး ဇွန် ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံဖြိုးတိုးတက်ပြီး အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးများ မြှင့်တင်ရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ဇွန်လ ၁၁ ရက်နေ့က အ.ထ.က (ခွဲ)၊ အ.လ.က (၅) ကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းမော်က အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းနေလှိုင်က စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပပြုလုပ်သည့် ရည်ရွယ်ချက်နှင့် အကျိုးသက်ရောက်မှုများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းအားကျင်းပခဲ့ရာ အ.ထ.က (ခွဲ)၊ အ.လ.က (၅) ကျောင်းမှ Grade-10 ကျောင်းသား မောင်ပြည့်စုံအောင်က “လူငယ်နှင့်ဂီတ"၊ Grade-9 ကျောင်းသူ မသဲတိတိနိုင်က “လူငယ်နှင့်AIနည်းပညာ"၊ Grade-10 ကျောင်းသူ မသွန်းဝတီဇော်က “လူငယ်နှင့်အင်တာနက်"၊ Grade-11 ကျောင်းသား မောင်စိုင်းနွမ်လိုင်းခေးက “လူငယ်နှင့်ကိုယ်ကျင့်တရား"၊ Grade-9 ကျောင်းသူ မနန်းအိမ့်ကြယ်စင်က “လူငယ်နှင့်စာဖတ်ခြင်း"၊ Grade-9 ကျောင်းသူ မနန်းယူချမ်းမြေ့လွင်က “လူငယ်နှင့်ဘဝ၏တန်ဖိုး" စသည့်ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး ဦးဆောင်ဆွေးနွေးသည့် ကျောင်းသားကျောင်းသူများက မိမိတို့ဆွေးနွေးပေးခဲ့သည့် ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးပေးခဲ့ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ဇင်ဇင်သန့်က လိုအပ်သည်များအား ပြန်လည်ဖြည့်စွက်ဆွေးနွေးပေးခဲ့သည်။
ထို့အပြင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင် ဓာတ်ပုံပြပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး သုတ၊ ရသ၊ စာအုပ်စာစောင်များအား ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)