ကွမ်းလုံမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း နှစ်ပတ်လည်ဆန်းစစ်သုံးသပ်ခြင်းနှင့် ရန်ပုံငွေများ ပြန်လည်ထုတ်ချေးခြင်း ဆောင်ရွက်

ကွမ်းလုံ  ဇန်နဝါရီ  ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်၍ ကြူကော်ယွင်ကျေးရွာ၊ ညိုချန်ကျေးရွာ၊ မန်ဟွယ်ကျေးရွာ၊ ဟိုပုန်းကျေးရွာ ပေါင်း(၁)ယူနစ် ကို မြစိမ်းရောင်ကျေးရွာစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ နှစ်ပတ်လည်ဆန်းစစ် သုံးသပ် ဆွေးနွေးခြင်းနှင့် ရန်ပုံငွေများ ပြန်လည်ထုတ်ပေးခြင်း အစီအစဉ်ကို ယမန်နေ့မွန်းလွဲပိုင်း က ကြူကော်ယွင် ကျေးရွာ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြစိမ်းရောင်ကျေးရွာ ရန်ပုံငွေကြီးကြပ်မှုကော်မတီမှ အသင်းသူ၊ အသင်းသားများအား ယခင်နှစ်များ၏ လုပ်ငန်း ဆောင်ရွက်မှု အားနည်းချက် အားသာချက်များကို သုံးသပ်ဆွေး‌‌‌နွေးခဲ့ကြပြီး စီမံကိန်းစတုတ္ထနှစ် ပထမအကြိမ် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်(၃၇၆၁၀၀၀၀/-)ကို အသင်းသူ/သား (၄၅)ဦးအား သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ပြန်လည်ထုတ်ချေးပေးခဲ့သည်။

အဆိုပါ မြစိမ်းရောင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးနေမှုများကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ဝန်ထမ်းများက ကွင်းဆင်း၍ ကြီကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းဇော်ခမ်း(ကွမ်းလုံ)