ပြည်ကြီးတံခွန်မြို့နယ်၌ ကျန်းမာရေးအဆင့်မြှင့်တင်ကျောင်း မြို့နယ်အဆင့်ဆရာဖြစ် သင်တန်းဖွင့်လှစ်

ပြည်ကြီးတံခွန် ဇွန် ၁၁

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၇) အခြေခံပညာအထက်တန်းကျောင်း၊ အောင်တံခွန်ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျန်းမာရေးအဆင့်မြှင့်တင်ကျောင်း မြို့နယ်ဆရာဖြစ်သင်တန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရန်ပုံငွေဖြင့် ဖွင့်လှစ်သည်။

ရှေးဦးစွာ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်ဒုတိယပညာရေးမှူး ဦးအောင်သန်းထွန်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါ်နော်မြတ်မိုးဦး၊ မိခင်နှင့်ကလေးကျောင်းကျန်းမာရေး (အာဟာရ)ဌာနတို့က ‌တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာအန္တရာယ် ကင်းရှင်းရေး၊ ကျောင်းကျန်းမာရေးအဆင့်မြှင့်တင်ကျောင်းတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ကျောင်းသားလူငယ်များ၏ စိတ်ကျန်းမာရေး အကြောင်းအရာများ၊ တီဘီရောဂါအကြောင်း သိကောင်းစရာများကို ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမကြီးများ၊ မြို့နယ်ကျန်းမာရေး တာဝန်ခံဆရာမများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း ၉၃ ဦးအား သင်ကြားပို့ချခဲ့‌ကြောင်း သိရသည်။

ဇင်မင်းမောင် (ပြန်/ဆက်)