ကော့မှူး ဇန်နဝါရီ ၂၀
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်ခန့်အပ်နိုင်ရေး အတွက် ရပ်ကွက်ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီက မြို့သစ်ရပ်ကွက် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ယာယီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်ဝင်းက ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နည်းဥပဒေသစ်များအရ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် အသိပညာပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ရပ်ကွက်/ ကျေးရွာ ကြီးကြပ်ရေး အဖွဲ့၊ ရွေးချယ်မည့်အဖွဲ့များ ဖွဲ့စည်း၍ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများကို အဆင့်ဆင့်ရွေးချယ်ရမည်ဖြစ်ကြောင်း၊ ရွေးချယ်မှုများ ပြုလုပ်ရာတွင် ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု ကိုယ်စားလှယ်များ တက်ရောက်ရ မည်ဖြစ်ကြောင်း၊ မြို့နယ်မှ ဖွဲ့စည်းတာဝန်ပေးအပ်ထားသော ရပ်ကွက် ကြီးကြပ်ရေးအဖွဲ့၊ ရွေးချယ်မည့် အဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ရွေးချယ်ပွဲနှင့် ပတ်သက်၍ အသံချဲ့စက်ဖြင့် ကြိုတင်အသိပေးရမည်ဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများကို အများဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်ပေးနိုင်ခြင်းဟာ ဒေသန္တရအဆင့် ဒီမိုကရေစီ (Local Democracy) ကျင့်သုံးနိုင်တဲ့ လက္ခဏာ တစ်ရပ်ဖြစ်ပါကြောင်း၊ ပြည်သူတွေအနေနဲ့ အုပ်ချုပ်ရေးရဲ့ အခြေခံ အကျဆုံး ဖြစ် တဲ့ မိမိတို့နဲ့ အနီးကပ်ဆုံး ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးတာဝန်ခံ အုပ်ချုပ်ရေးမှူးများကို မိမိတို့ကိုယ်တိုင် ရွေးချယ် နိုင်မယ့် အခွင့်အရေးတစ်ရပ် ဖြစ်ပါကြောင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခန့်ထားရာတွင် ပြည်သူများ ၏ လူမှုဘဝလုံခြုံရေး၊ လူထု၏ အခွင့်အရေးအား ကာကွယ်ပေးနိုင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ကွက်/ကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေး စသည့် အချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာအေး၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းအောင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထက်ဝင်းနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ ကြသည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများက ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် အိမ်ထောင်စု ကိုယ်စားလှယ်၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ် အုပ်ချုပ်ရေးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ ကော့မှူးမြို့နယ်၌ ရပ်ကွက် (၇) ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၅) စု၊ ကျေးရွာပေါင်း (၁၃၀) ရှိကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)