ထန်းတပင်မြို့နယ်၌ သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်ပေါင်းနှစ်သောင်းပျိုးထောင်ထား

ထန်းတပင်(ရန်ကုန်) ဇွန် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း သစ်ပင်စိုက်ပျိုးသွားနိုင်ရန်အတွက် ရန်ကုန်-ပုသိမ်ကားလမ်းမရှိ သီတာအေး(ယာယီ) ပျိုးဥယျာဉ်တွင် ပျိုးပင်များကို နှစ်စဉ်ပျိုးထောင်ထားလျက်ရှိရာ ယခုနှစ်မိုးရာသီကာလ သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက်လည်း ပျိုးပင်ပေါင်းနှစ်သောင်းကို အဆိုပါပျိုးဥယျာဉ်တွင် ဆက်လက်၍ ပျိုးထောင်ထားရှိကြောင်း သိရသည်။

“ထန်းတပင်မြို့နယ်အနေနဲ့ သစ်ပင်စိုက်ပျိုးနိုင်ဖို့အတွက်ဆိုပြီးတော့ သီတာအေး(ယာယီ) ပျိုးဥယျာဉ်မှာ ပျိုးပင်ပေါင်း(၂၀၀၀၀)ကို ပျိုးထောင်ထားရှိပါတယ်။ အဲဒီအထဲမှာမှ မြို့နယ်အတွင်းမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ၊ တပ်ရင်း၊ တပ်ဖွဲ့တွေ့နဲ့ ရပ်ကွက်ကျေးရွာ နေပြည်သူတွေကို(အခမဲ့) ဖြန့်ဝေပေးနိုင်ဖို့အတွက်ဆိုပြီးတော့ ကံ့ကော်၊ ငုရွှေဝါ၊ စိန်ပန်း၊ ပင်လယ်ကဝီ၊ မဟော်ဂနီပင်၊ ပျဉ်းကတိုးပင်၊ ပျဉ်းမပင်နဲ့ မန်ဂျန်ရှားပင်သစ်ပင်မျိုး (၈)မျိုး အပင်ပေါင်းနှစ်သောင်းကိုတော့ ပြည်သူများအားဖြန့်ဝေချိန်မှာ အမြင့်(၂)ပေနှင့်အထက် ဖြန့်ဝေနိုင်ရေးအတွက်ကိုဆိုပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလကနေ စတင်ပျိုးထောင်ထားတာဖြစ်ပါတယ်။ ဖြန့်ဝေပေးနေတာက တော့ဇွန်လ(၁)ရက် နေ့မှစတင်ဖြန့်ဝေပေးနေတာဖြစ်ပါတယ်” ဟု မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းထွန်း ကပြောသည်။

သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပျက်တည့်တံ့ရေး၊ သက်ရှိလူသားများရဲ့ ပတ်ဝန်းကျင်တည်တံ့ကောင်းမွန်ရေး၊ သစ်တောသစ်ပင် စိုက်ပျိုးခြင်းကြောင့် သဘာဝပတ်ဝန်းကျင် စိမ်လန်းစိုပြေရေးကို အထောက်အကူပြုသလို သာယာလှပပြီး ရာသီဥတုပြောင်းလဲဖောက်ပြန်နေမှုများအား တဖက်တလမ်းမှ ကာကွယ်နိုင်ရန်ရည်ရွယ်၍ ပျိုးပင်များကိုပျိုးထောင်ထားရှိခြင်းဖြစ်ပြီး ယခုနှစ် မိုးရာသီကာလအတွင်း သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက် ထန်းတပင်မြို့နယ်သီတာအေး (ယာယီ) ပျိုးဥယျာဉ်တွင် ကံ့ကော်၊ ငုရွှေဝါ၊ စိန်ပန်း၊ ပင်လယ်ကဝီ၊ မဟော်ဂနီပင်၊ ပျဉ်းကတိုးပင်၊ ပျဉ်းမပင်နဲ့ မန်ဂျန်ရှားပင်များကို ပျိုးထောင်ထားရှိကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)