ကျိုင်းလပ် ဇွန် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် (၃၉)နှစ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာမူလတန်းကျောင်း(နမ့်ငေါ့)၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးဆင့်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်(၃)၊ ဒေါ်နှင်းနုထွေးက ဟောပြောပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များ၊ မူးယစ်ဆေးဝါးအပေါ် စမ်းသပ်လိုစိတ်၊ စူစမ်းလိုစိတ်များကြောင့်ကြုံတွေ့နိုင်သည့် အန္တရာယ်များ၊ မူးယစ်ဆေးဝါးကင်းစင်သော လူငယ်များဖြင့် တိုးတက်ဖွံ့ဖြိုးသော နိုင်ငံတော်တည်ဆောက်ကြရန်၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် မူးယစ်ဆေးဝါးကိုငြင်းဆန်၍ လူငယ်ဘဝကိုကာကွယ်နိုင်ကြစေရန်စသည်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်တားဆီးရေး အသိပညာပေးနံရံကပ် စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ကျိုင်းလပ်(ပြန်/ဆက်)