မွန်ပြည်နယ် စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး နိုင်လယိတမ မော်လမြိုင်မြို့နယ်၌ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ အခွန်အသိပညာပေး ဟောပြောပွဲတက်ရောက်

မော်လမြိုင် ဇွန် ၁၁

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ တည်ဆဲအခွန်ဥပဒေများနှင့်အညီ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ အခွန်ပညာပေးရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့နယ် Strand Hotel ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ် စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး နိုင်လယိတမက ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းရှင်များအနေဖြင့် ပြေစာအမှတ်တံဆိပ်အသုံးပြုပြီး ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံခြင်းကို တည်ဆဲအခွန်ဥပဒေများနှင့်အညီ ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက သတ်မှတ်ထားသည့် အသိပေးကြေညာချက် ဗွီနိုင်းများကို မိမိတို့လုပ်ငန်းများ၏ မြင်သာသည့်နေရာတွင် ချိတ်ဆွဲထားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ပြည်နယ်အခွန်ဦးစီးဌာနမှူးက ရှင်းလင်းဆွေးနွေးမည့်ကိစ္စရပ်များကိုမှတ်သား၍ တိတိကျကျလိုက်နာဆောင်ရွက် ရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇေယျာထွန်းက ဒေသတွင်းခရီးသွားကဏ္ဍနှင့် အခွန်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းများနှင့် သက်ဆိုင်သည့်ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်အခွန်ဦးစီးဌာနမှူး ဦးဂျွန်စိန်ဂီက ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းများတွင် ပြေစာအမှတ်တံဆိပ်အသုံးပြုပြီး ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံခြင်းနှင့်စပ်လျဉ်း၍ ပြေစာများအပေါ်၌ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသောလုပ်ငန်းရှင်များက သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ အခွန်ပညာပေးရှင်းလင်းပွဲသို့ မွန်ပြည်နည်အခွန်ကောက်ခံမှု အထောက်အကူအပြု အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မွန်ပြည်နယ်အတွင်းရှိ လုပ်ငန်းရှင် အသင်းအဖွဲ့များနှင့် ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းရှင်များ စုစုပေါင်း (၁၃၅) တက်ရောက်ခဲ့ ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)