နမ္မတူ ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် Christian Aid ၏ ပံ့ပိုးမှုဖြင့် စိမ်းလန်းဘဝလူမှုဖွံ့ဖြိုးမှုအဖွဲ့ (Glad)နှင့် မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်း နှင့် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက နမ္မတူမြို့နယ်ရှိ နားကျဲ၊ မိုက်ဟုန်း၊ ပန်ချင်ကျေးရွာတို့၌ ဆောင်ရွက်ခဲ့ သည်။
ထိုသို့ဆောင်ရွက်ရာတွင် မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းမှ ဦးအောင်ဆန်းမြင့်နှင့် ဒေါ်နန်းနွမ်ဟွမ်တို့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး အကြောင်းအရာများ အား မြန်မာဘာသာဖြင့် လည်းကောင်း၊ ရှမ်းဘာသာဖြင့် လည်းကောင်း၊ အသိပညာပေး ဟောပြောခဲ့ပြီး တက်ရောက်လာသော ဒေသခံပြည်သူများအား လက်သန့်စင်အောင် ဆေးကြောနည်း သရုပ်ပြကာ ရေမလိုလက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ၊ အသိပညာပေး ဗီနိုင်းများနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ထို့အပြင် ကျေးရွာ (၃)ရွာအတွက် ခြေနင်းလက်ဆေးဘေစင် (၃)စုံ၊ Hand Speaker (၃)ခု၊ Memory Stick (၃)ခု၊ အပူချိန်တိုင်း ကိရိယာ (၃)ခု၊ ရေမလိုလက်သန့်ဆေးရည်များနှင့် လက်ဆေးဆပ်ပြာခဲ (၁၀၀၀) ခဲခန့်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မိတ်ဆွေကောင်းလူမှုကူညီရေးအသင်းမှ ဦးအောင်ဆန်းမြင့်ထံမှ သိရသည်။
လူမော် (ပြန်/ဆက်)