ရန်ကုန် ဇန်နဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်ရှိ Super Sunday လူမှုကူညီရေး အသင်း အနေဖြင့် မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင် စေရန် ရည်ရွယ်၍ ရွှေပြည်သာစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီနှင့်စက်ရုံလုပ်ငန်းရှင်များ ပူးပေါင်း၍ Super Sunday လူမှု ကူညီရေး အသင်းသို့ ငွေကျပ် (၂၈၅)သိန်းတန်ဖိုးရှိ လူနာတင်ယာဉ်ကားတစ်စီးကို ယမန်နေ့ နံနက် (၁၀)နာရီက ရွှေပြည်သာ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံး၊ ကနောင်ခန်းမတွင် လှူဒါန်းခဲ့ ကြောင်း သိရသည်။
လှူဒါန်းရာတွင် ရွှေပြည်သာစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီနှင့် စက်ရုံလုပ်ငန်းရှင်များမှ တာဝန်ရှိသူများက လှူဒါန်းရာ အင်းစိန်မြို့နယ်၊ Super Sunday လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ကိုသူရိန်ထွန်းက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
အင်းစိန်မြို့နယ်၊ Super Sunday လူမှုကူညီရေးအသင်းအတွက် ယခု အလှူခံရရှိသည့် လူနာတင်ယာဉ်ကားသည် (၁၀)စီး မြောက် အလှူခံရရှိခြင်းဖြစ်ပြီး အသင်းအနေဖြင့် လူမှုကူညီရေး လုပ်ငန်းများနှင့်အတူ အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းစဉ် များ တွင် အရှိန်အဟုန်မြှင့်၍ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)