မိုင်းငေါ့ ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၌ ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးနှင့် ရောဂါကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ပြည်သူများ Mask နှာခေါင်းစည်းများ တပ်ဆင်ပြီးမှ သွားလာရေးအတွက် Mask Campaign အား ယနေ့ နံနက် (၁၀) နာရီ အချိန်ခန့် က မီးသတ်စခန်းရုံးရှေ့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ပြုလုပ်ဆောင်ရွက်ရာတွင် မိုင်းငေါ့မြို့အတွင်းရှိ ပြည်သူများအနေဖြင့် ပေါ့ဆစွာ နေထိုင်ခြင်း မပြုကြရန်နှင့် မိမိနေအိမ်မှ ပြင်ပသို့ ထွက်ခွာသွားလာရာတွင်လည်း Mask နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်ပြီးမှ သွားလာကြရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန် အတွက် Mask Campaign များ ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ Mask နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့များပူးပေါင်း၍ လမ်းသွားလမ်းလာ ပြည်သူများ၊ ကား၊ ဆိုင်ကယ် စီးနင်းသွားလာသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask အခု ၂၀၀ ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)