မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး အသိပညာပေးဟောပြော

မြောက်ဥက္ကလာပ ဇွန် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ အမှတ် (‌‌‌‌၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါအထက်တန်းကျောင်း မြတ်ခရေခန်းမတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ မြောက်ဥက္ကလာပမြို့နယ်စီမံခန့်ခွဲရေး‌‌‌‌‌‌‌‌‌‌‌‌‌‌နှင့် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကမ္ဘာကြီးဘယ်လောက်ပဲ ခေတ်မီတိုးတက်လာပါစေ၊ ကိုယ်ပိုင်ဘာသာစကား၊ စာပေ၊ အဝတ်အစားနဲ့ ရိုးရာဓလေ့တွေဟာ ကျွန်တော်တို့ရဲ့မွေးရာပါကတ်ပြား (Identity) တွေပဲဖြစ်ပြီး ခေတ်ရေစီးကြောင်းထဲမှာ မျောပါရင်း ကိုယ့်အမြစ်ကို မေ့မပစ်လိုက်ကြဖို့ လိုပါကြောင်း၊ ယဉ်ကျေးမှုပျောက်ရင် လူမျိုးပါပျောက်ပျက်သွားနိုင်တဲ့အတွက် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာတွေကို လူငယ်တွေကပဲ ရှေ့ကနေ ဂုဏ်ယူဝင့်ကြွားစွာ ထိန်းသိမ်းစောင့်ရှောက်သွားကြပါစို့လို့ တိုက်တွန်းချင်ပါကြောင်း၊ အဆောက်အအုံတစ်ခု ခိုင်ခံ့ဖို့ အုတ်မြစ်လိုသလိုပဲ၊ နိုင်ငံတစ်ခု၊ လူမျိုးစုတစ်ခု ရေရှည်ရပ်တည်နိုင်ဖို့ဆိုတာ “အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာ” ဆိုတဲ့ အုတ်မြစ် ခိုင်မာနေဖို့လိုအပ်ပါကြောင်း၊ ယဉ်ကျေးမှုဆိုတာ သမိုင်းပြတိုက်ထဲမှာပဲ ထည့်ထားရမယ့်အရာမဟုတ်တဲ့အတွက် နေ့စဉ် နေထိုင်ပြောဆိုမှု၊ အပြန်အလှန် လေးစားမှုတွေထဲမှာ ရှင်သန်နေရမယ့်အရာဖြစ်ပြီး မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှုကို တန်ဖိုးထားပြီး နောင်လာနောက်သားတွေဆီ လက်ဆင့်ကမ်းပေးနိုင်ဖို့ အားလုံးမှာ တာဝန်ရှိပါကြောင်း၊ အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းခြင်းဟာ မိမိကိုယ်ကိုယ် တန်ဖိုးထားခြင်းဖြစ်ရာ ခေတ်မီပြီး ရိုးရာမပျက်တဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်အောင် အားလုံး ဝိုင်းဝန်းထိန်းသိမ်းကြစေလိုကြောင်း စသည့် အသိပညာဗဟုသုတများအား အကျယ်တ၀င့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။ ထို့နောက် မြိုနယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇင်မာအောင်က ကျေးဇူးတင်စကားပြောကြားပြီး အသိပညာပေးဟောပြောခဲ့သူများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြောက်ဥက္ကလာပမြို့နယ်စီမံခန့်ခွဲရေး‌‌‌‌‌‌‌‌‌‌‌‌‌‌နှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးမျိုးအောင်၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇင်မာအောင်နှင့်အဖွဲ့၀င်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်သူများ အင်အား ၁၅၀ ခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)