မိုင်းဖြတ်-နမ့်ဖတ်ချောင်း သဲနုန်းတူးဖော်ပေါင်းဆင့်ခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မိုင်းဖြတ်  ဇန်နဝါရီ  ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နမ့်ဖတ်ချောင်း၌ သဲနုန်း တူးဖော်ပေါင်းဆင့်၊ တုတ်တန်းရိုက်၊ သဲအိတ်ချကာရံခြင်းလုပ်ငန်းအား ယမန်နေ့မွန်းလွဲ (၂)နာရီခွဲ အချိန်ခန့် က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်တည်ဆောက်ရေး ကော်မတီဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်၊ မြို့နယ် တည်ဆောက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် ကော်မတီဝင်များက  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်ဆောင်ရွက်သည့် နမ့်ဖတ်ချောင်း သဲနုန်းတူးဖော်ပေါင်းဆင့်ခြင်းလုပ်ငန်းမှ မြေကြီးလုပ်ငန်းကို ခွင့်ပြုရန်ပုံငွေ (၄၀.၀၆)သန်းဖြင့် NMT Empire ကုမ္ပဏီမှဆောင်ရွက်ပြီး တုတ်တန်းရိုက်လုပ်ငန်းကို ခွင့်ပြုရန်ပုံငွေ (၃၇.၄၃)သန်းဖြင့် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်းကြီးကြပ် အင်ဂျင်နီယာ (မြို့ပြ) ဦးမြင့်ဇော်အောင် က တာဝန်ယူဆောင်ရွက်သည့် လုပ်ငန်းအခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

အဆိုပါလုပ်ငန်းသည် ယခုအခါမှာ ၇၀ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ဆောင်ရွက်ပြီးစီးသွားပါက မိုးတွင်းကာလအတွင်း ချောင်းဘေးရှိ လယ်ဧက(၆၀)ကျော်ကို ရေလွှမ်းမိုးမှုမှကာကွယ်ရန်နှင့် ဧက(၂၀၀)ခန့် ရေပေးဝေနေသော  ဝမ်လုံးရေလွှဲဆည်အတွင်းသို့ ရေစီးရေလာကောင်း စေမည်ဖြစ်ကြောင်း လုပ်ငန်းကြီးကြပ် အင်ဂျင်နီယာ (မြို့ပြ) ဦးမြင့်ဇော်အောင် ထံမှ သိရသည်။

ရွှေကို(မိုင်းဖြတ်)