ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများ အသိပညာပေးရှင်းလင်း ဆွေးနွေးခြင်း ပြုလုပ်

ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၂၀

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ သက်ဆိုင်ရာရပ်ကွက်များအလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းစဉ် အဆင့်ဆင့်နှင့် ပတ်သက်၍ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေ များကို ရပ်ကွက်နေပြည်သူများအား အသိပညာပေး ရှင်းလင်း ဆွေးနွေးခြင်းကို ယမန်နေ့ ညနေပိုင်းမှစ၍ သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက် များနှင့် အညီ ပြုလုပ်လျက်ရှိသည်။

ထိုသို့ ဆွေးနွေးရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်အောင်မြင့်နှင့် ဒုတိယဦးစီးမှူး ဦးအောင်ခိုင်ဌေးတို့က ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေပါ ကြီးကြပ်ရေးအဖွဲ့တွင် ပါဝင်သည့်ရပ်မိရပ်ဖ(၅)ဦး၏ အရည်အချင်း သတ်မှတ်ချက်များ၊ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး တို့တွင် ပြည့်စုံရမည့် အရည်အချင်း သတ်မှတ်ချက်များ၊ ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များစသည့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဆိုင်ရာ လုပ်ငန်း အဆင့်ဆင့်ကို လက်ကမ်းစာစောင်များ ဖြန့်ဝေပေး၍ အသိပညာပေး ရှင်းလင်း ဆွေးနွေးပေးလျက်ရှိသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက်(၉)ရပ်ကွက်ရှိရာ ယခုကဲ့သို့ အသိပညာပေးခြင်း လုပ်ငန်းကို ဇန်နဝါရီ (၁၉)ရက်မှ (၂၁)ရက် အထိ ရပ်ကွက်အလိုက် ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ဝေယံ(ဆိပ်ကြီးခနောင်တို)