စဉ့်ကိုင် ဇွန် ၁၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ (စဉ့်ကိုင်မြို့နယ်တာဝန်ခံရုံး)မှ ရက်(၁၀၀)စီမံချက်ဖြင့် ပျားမွေးမြူရေး ပြည်သူအသိပညာပေးသင်တန်းကို ဇွန်လ ၉ ရက် ညနေ ၃ နာရီက စဉ့်ကိုင်မြို့နယ် လက်ဝဲကျေးရွာ ဓမ္မာရုံ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ (စဉ့်ကိုင်မြို့နယ်ရုံး)မှ မြို့နယ်ဦးစီးမှူး ဦးသိန်းကိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆီထွက်သီးနှံနေကြာနှင့် နှမ်းစိုက်ခင်းများတွင် ပျားများဖြင့် ဝတ်မှုန်ကူးခြင်းကြောင်း သီးနှံများပိုမိုထွက်ရှိပြီး တောင်သူများအကျိုးစီးပွားများစွာ ဖြစ်ထွန်းလာစေရန်၊ ခေတ်မီပျားပညာရပ်များကို တောင်သူများထံ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်၊ ဒေသအခြေအနေနှင့် ကိုက်ညီသည့် ပျားမျိုးများကို မွေးမြူပြီး ပျားရည်များ ပိုမိုထုတ်လုပ်နိုင်ရန်၊ ပျားရည်နှင့်ပျားထွက်ပစ္စည်းများကို အသုံးပြုပြီး နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများတွင် အထောက်အကူပြုရန် စသည့်ရည်ရွယ်ချက်များဖြင့် ယခုလို သင်တန်းများဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးသိန်းကိုက ဆီထွက်သီနှံနေကြာနှင့် နှမ်းစိုက်ခင်းများဖြင့် ဝတ်မှုန်ကူးခြင်း ဆောင်ရွက်မှုအခြေအနေ၊ ဗီယက်နမ်ပျားဘုရင်မဖြင့် ပုဂ္ဂလိက ပျားမွေးမြူသူများသို့ ပျားမျိုးမြှင့်တင်ရေးဆောင်ရွက်ရန် ဖြန့်ဖြူးပေးမှု အခြေအနေများ ပျားရည်ထုတ်လုပ်မှု လုပ်ငန်းသုံး ပစ္စည်းများဖြင့် ပျားရည်ထုတ်လုပ်ပုံ အဆင့်ဆင့်တို့အား လက်တွေ့ရှင်းလင်းပြသခဲ့ရာ တက်ရောက်လာကြသည့် သင်တန်းသား/သူများနှင့် ဒေသခံတောင်သူများက သိလိုသည်များ မေးမြန်းခဲ့ရာ မြို့နယ်ဦးစီးမှူး ဦးသိန်းကိုက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရပြီး သင်တန်းကို ဇွန်လ ၉ ရက်နေ့မှ ဇွန်လ ၁၃ ရက်နေ့ထိ ၅ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)