ဥက္ကံမြို့၌ မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှစ်လုံးပေါ်သို့ သစ်ပင်လဲကျ

တိုက်ကြီး ဇွန် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၌ ဇွန်လ ၉ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်က မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှစ်လုံးပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းဖယ်ရှားခြင်း လုပ်ငန်းဆောင်ရွက်ခဲ့သည်။

ဖြစ်စဉ်မှာ မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ဥက္ကံမြို့ဗန္ဓုလရပ်ကွက် ကံဦးကျောင်းလမ်းနေ ဦးကျော်စိန်လင်း၏ နေအိမ်ရှေ့အဖီပေါ်သို့ အမြစ်ပွ၍ လဲကျနေသော လုံးပတ်နှစ်ပေခန့်၊ အမြင့်ပေ ၃၀ ခန့်ရှိ သရက်ပင်အား ဥက္ကံနယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်ခန့်ကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းဖယ်ရှားခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အလားတူ ဥက္ကံမြို့ ဆင်ဖြူရှင်ရပ်ကွက် သစ္စာလမ်းနေ ဦးသန်းနိုင်၏ RC နှစ်ထပ်နေအိမ်ပေါ်သို့ အမြစ်ပွ၍ လဲကျနေသော လုံးပတ်လေးပေခန့်၊ အမြင့်ပေ ၄၀ ခန့်ရှိ သခွပ်ပင်အား တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဖြိုးဝေဇော် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းဖယ်ရှားခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး အဆိုပါ ဖြစ်စဉ်ကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)