တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ပထမနေ့)ကျင်းပ

တောင်ကြီး ဇွန် ၁၀

တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ပထမနေ့)ကို ဇွန် ၉ ရက်၊နံနက် ၁၀ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်က ပြည်နယ်လွှတ်တော်သို့တက် ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်(၉၉)ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်(၃၃)ဦး၊ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်ဦးရေ(၁၃၂)ဦးရှိသည့်အနက် (၁၂၁)ဦးတက်ရောက်ခဲ့ ပြီးရာခိုင်နှုန်းအားဖြင့်(၉၁.၆၇)ရာခိုင်နှုန်း ရှိသည့်အတွက်ပြည်နယ်လွှတ်တော်အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပြီး နှုတ်ခွန်းဆက်စကား​ပြောကြားသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော မိုင်းပျဥ်းမြို့နယ်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမှတ်(၂)ဒေါ်မေနှင်းသက်က ကြယ်ပွင့်ပြမေးခွန်း(၃)ခုကိုလည်းကောင်း၊ နမ့်ဆန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)ဦးဇော်လွင်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကိုလည်းကောင်း၊ ကျိုင်းတုံ မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးအိုက်ပလိပ်က ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊ မက်မန်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမှတ်(၁)ဦးခမ်းလူက ကြယ်ပွင့်ပြမေးခွန်း(၂)ခုကိုလည်းကောင်း၊ ကျိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးစိုင်းဟွမ်နွဲ့ကကြယ်ပွင့်ပြ မေးခွန်း(၂)ခုကို လည်းကောင်း၊ ကွန်ဟိန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)ဦးဝင်းလှိုင်က ကြယ်ပွင့်ပြမေးခွန်း(၂)ခုကိုလည်းကောင်း၊ ဟိုပုံးမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးဒီဂေါလ်ကကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ မိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးစောမူးလာက ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊ လဲချားမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဒေါ်နန်းအက်စ်ကီးမိုးက ကြယ်ပွင့်ပြမေးခွန်း(၂)ခုကိုလည်းကောင်း၊ ရပ်စောက်မြို့နယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးအောင်ကျော်ညွန့်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ စုစုပေါင်း ကြယ်ပွင့်ပြမေးခွန်း (၁၈)ခုတို့ကိုမေးမြန်းခြင်းဆောင်ရွက်ရာ သက်ဆိုင်ရာပြည်နယ် အဆင့်အဖွဲ့ အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ကြသည်။

ဥပဒေပြုရေးဆိုင်ရာကော်မတီနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီတို့၏ ကော်မတီဝင်ဦးရေပြင်ဆင်သတ်မှတ်ခြင်းအား ပြည်နယ်လွှတ်တော်၏ သဘောတူညီ ချက်ရယူပြီးပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ရှမ်းပြည်နယ်လွှတ်တော်အတွက် ရှမ်းပြည်နယ်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီတွင် ထည့်သွင်းဖွဲ့စည်း မည့်အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းတို့ကို ပြည်နယ်လွှတ်တော်သို့ တင်ပြသည်။

ယင်းနောက် ရှမ်းပြည်နယ်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ၊ စိစစ်ရေးကော်မတီ၏ သက်တမ်း၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်လျာထားချက်များကို ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌက ဖတ်ကြားရှင်းလင်းပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ရှမ်းပြည်နယ်လွှတ်တော်အတွက် စည်ပင်သာယာရေး၊ ဆောက်​လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ ကော်မတီတွင် ထည့်သွင်းဖွဲ့စည်းမည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကို ပြည်နယ်လွှတ်တော်သို့တင်ပြသည်။

ဆက်လက်၍ စည်ပင်သာယာရေး၊ ဆောက်လုပ်ရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ ကော်မတီ၏ သက်တမ်း၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ရပိုင်ခွင့်လျာထားချက်များနှင့်စပ်လျဥ်း၍ ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌက ဖတ်ကြားရှင်းလင်းပြီးပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်ဒုတိယပုံမှန် အစည်းအဝေး(ပထမနေ့)ရပ်နားကြောင်းနှင့် အစည်းအဝေး(ဒုတိယနေ့) ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်တို့ကို ကြေညာခဲ့ကြောင်း သိရှိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)