မိုင်းပျဉ်းမြို့၌ MCCT အာဟာရ အသိပညာပေးဆင့်ပွားသင်တန်းဖွင့်လှစ်

မိုင်းပျဉ်း   ဇွန်   ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ကျိုင်းတုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော MCCT အာဟာရအသိပညာပေးဆင့်ပွားသင်တန်းကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းကျော်က အဖွင့်အမှာစကား‌ ပြောကြားသည်။ ဆက်လက်၍ ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်များအကြောင်း၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ တာန်ခံဆရာမ ဒေါ်နန်းအေးမြက အာဟာရဆိုင်ရာ ကျန်းမာရေးအကြောင်းနှင့် မိခင်နှင့်ကလေးကျန်းမာရေး စောင့်ရှောက်ပေးနေမှု အခြေအနေများကို ဆွေးနွေးပို့ချခဲ့ကြပြီး သင်တန်းသို့တက်ရောက်လာသူများက ပြန်လည်မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

 အဆိုပါ သင်တန်းဆွေးနွေးပွဲအပြီးတွင် ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က မိသားစုလက်စွဲစာအုပ်များကို တက်ရောက်လာသူများအား ပေး‌အပ်ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ သင်တန်းဆွေးနွေးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့်စာရေးများ စုံလင်စွာတက်ရောက်ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်/ဆက်)