လသာမြို့နယ်၌ Night Market စတင်ဖွင့်လှစ်

လသာ ဇွန် ၁၀

ကျောက်တံတားခရိုင်၊ လသာမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ (၁၉)လမ်း(အပေါ်)တွင် Night Market ကို ယမန်နေ့ ညနေ ၅ နာရီအချိန်၌ စတင်ဖွင့်လှစ်ခဲ့ရာ အခမ်းအနားကို တရုတ်နဂါးအက၊ ခြင်္သေ့အကများဖြင့် စည်ကားသိုက်မြိုက်စွာ ဖျော်ဖြေ၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ လသာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်း၊ လမ်းမတော်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီသွယ်၊ ကျောက်တံတားခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးလှသိန်း၊ လသာမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ Night Market ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

Night Market ကို နေ့စဉ် သတ်မှတ်စည်းကမ်းများနှင့်အညီ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဖွင့်လှစ်ခြင်းအထိမ်းအမှတ်အဖြစ် ယနေ့ညတွင် တေးသံရှင် ဝေလနှင့် ဖြူဖြူဟန်တို့က (၁၉)လမ်းအတွင်း တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

နေလင်း