တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ

ရန်ကုန် ဇွန်လ ၁၀

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ယ​မန်နေ့နံနက် ၁၀ နာရီအချိန်တွင် ကျင်းပသည်။

အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ် ၁၂၃ ဦး ရှိသည့်အနက် ၁၁၉ ဦး တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသော တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၂)ဦးသည် လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်၌ ကတိသစ္စာပြုခဲ့ကြပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးပြီးဥက္ကဋ္ဌက လွှတ်တော်သို့ နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇)ဦး၏ မေးခွန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး အဆင့်အဖွဲ့အစည်းများက ဖြေကြားခြင်း၊ မဲဆန္ဒနယ်အမှတ်(၁) ဗဟန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဒေါ်ခိုင်ဆုရည်ဇော်၏ “နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံခရီးစဉ် အပေါ်ဂုဏ်ယူဝမ်းမြောက်ကြောင်းအဆို" ကိုလွှတ်တော်သို့တင်သွင်းခြင်းနှင့် လွှတ်တော်ကမှတ်တမ်းတင်ခြင်း၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးအဖွဲ့နှင့် လူမှုရေးရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ တို့ကို ဖွဲ့စည်းခြင်းကို လွှတ်တော်၏အတည်ပြုခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက် ဥပဒေကြမ်းကော်မတီက “ရန်ကုန်တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်ခြင်းဆိုင်ရာဥပဒေကြမ်း" အား လွှတ်တော်သို့ တင်သွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အစည်းအဝေး ကို နေ့လယ် ၁၂ နာရီ ၃၄ မိနစ်တွင် ရပ်နားကာ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမနေ့အစည်းအဝေး ရပ်နားကြောင်း ကြေညာခဲ့သည်။