လမ်းမတော် ဇွန် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာ နန္ဒာသိန်းဇံရေးသားသည့် "ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း"စာအုပ်အား လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်၊၊
ဦးစွာစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် (Book Club)အဖွဲ့ဥက္ကဋ္ဌ ဦးသူရဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ သမိုင်းမြို့မဘုန်းတေဇ၊ စာရေးဆရာမညွန့်ညွန့်(ကလော)၊ စာရေးဆရာအောင်ချစ်မိုးတို့က မုဒိတာစကားများ ပြောကြားကာ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်၍Book Club အဖွဲ့ဝင်ဒေါ်မေချိုသွေးက အခန်း(၅)ပါ "ကိုယ့်ဝန်းကျင်ကိုပါ စင်ကြယ်နိုင်စေသူ ခေါင်းစဥ်ဖြင့်ဆွေးနွေးရာတွင် မမေ့မလျော့တဲ့ အသိသတိရှိတဲ့အတွက် စည်းစိမ်ဥစ္စာကိုရတယ်၊ ကောင်းတဲ့ကျော်စောခြင်း ဂုဏ်ကိုရတယ်၊ ဘယ်ပရိသတ်မျိုးထဲကိုမဆို ရဲရဲဝံ့ဝံဝင်နိုင်တယ်၊ ဘယ်ပရိသတ်မျိုးထဲမှာ မဆိုရဲရဲရင့်ရင့် တင့်တင့်တယ်တယ် နေနိုင်တယ်၊ မတွေမဝေပဲလဲသေရတယ်၊ သေပြီးနောက်မှာလဲ ကောင်းရာဘဝမျိုးကိုရောက်နိုင်တယ်တဲ့၊ သီလမရှိသူ၊ သီလပျက်စီးသူကတော့ အသိသတိတွေ လစ်ဟင်းတဲ့အတွက် တိုးတက်အောင်မြင်မှု၊ ပစ္စည်းဥစ္စာပြည့်စုံမှုကို မရနိုင်ဘူးတဲ့ စသည်ဖြင့်စာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် (Book Club)အဖွဲ့ဝင်များ၊ စာပေဝါသနာရှင် စာရေးဆရာ/ ဆရာမများက အဆိုပါစာအုပ်တွင် ပါဝင်သည့်အကြောင်းအရာတို့ကို အပြန်အလှန်ကောက်နုတ် ဆွေးနွေးခဲ့ကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ် စာစောင်များကို စာပေချစ်မြတ်နိုးသူများက ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)