ကာမိုင်း ဇန်နဝါရီ ၂၀
ကချင်ပြည်နယ် မိုးညှင်းခရိုင် ကာမိုင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုက်နယ်ကျန်းမာရေး ဌာနတို့ ပူပေါင်း၍ ကျန်းမာရေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့ နံနက်(၁၀)နာရီခွဲတွင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်သက်ဦးက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း လူစုလူဝေးများနှင့် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူ များအား အွန်လိုင်းမှတစ်ဆင့် ဗဟုသုတများရရှိစေရန် ရည်ရွယ်ပြီး Talk Show အစီအစဉ်ကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကာမိုင်းမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးကြီးကြပ်-၁ ဦးစိုင်းမောင်မောင် က ကျန်းမာရေးဌာန အနေဖြင့် ပြည်သူများအနေနဲ့ ကျန်းမာရေးပြဿနာ တစ်ရပ်ဖြစ်သော သွေးတိုးရောဂါနှင့် ပတ်သက်ပြီး ကုသဆောင်ရွက် ချက်များကိုလည်းကောင်း၊ သွေးတိုးရောဂါ ရှိ/မရှိ စမ်းသပ်စစ်ဆေးခြင်းနှင့် သွေးတိုးရောဂါ ဖြစ်စေနိုင်သည့် လက္ခဏာ အင်္ဂါရပ်များကို လည်းကောင်း၊ သွေးတိုးရောဂါကုသမှု မခံယူခဲ့ပါက ခန္တာကိုယ်တွင် နောက်ဆက်တွဲများ ဖြစ်စေနိုင်သည့် ဘေးထွက်ဆိုးကျိုးများကိုလည်းကောင်း စသည်တို့ကို ဆွေးနွေးပြောကြား ခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)