မော်လမြိုင် ဇွန် ၉
သံဖြူဇရပ်မြို့နယ်ရှိ ကျောင်းဆောင်သစ်၊ သိပ္ပံဆောင်၊စာကြည့်တိုက်များတိုးချဲ့ တည်ဆောက် ရန် လျာထားမြေနေရာများနှင့် မိခင်နှင့်ကလေး ကျန်းမာရေးဌာနတည်ဆောက်မည့် မြေနေရာ အား ဇွန် ၈ ရက်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် သံဖြူဇရပ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(စက်စဲ)၊ အခြေခံပညာအထက်တန်း ကျောင်း(ကျုံကဒတ်)၊ အခြေခံပညာမူလတန်းကျောင်း(အောင်ကုသိုလ်)သို့ ရောက်ရှိပြီး ကျောင်းဆောင်သစ်၊ သိပ္ပံဆောင်၊ စာကြည့်တိုက်များတိုးချဲ့ တည်ဆောက်ရန် ရွေးချယ်သတ်မှတ်ထားသည့် မြေနေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် (ပညာခိုင်ခံ့)ကိုယ်ပိုင် အထက်တန်းကျောင်းသို့ သွားရောက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ပုဂ္ဂလိကနှင့် ကိုယ်ပိုင်ကျောင်းများအားလုံး သတ်မှတ်ထားသည့်ရက်များတွင် ကျောင်းသား ကျောင်းသူများ တန်းစီပြီး နိုင်ငံတော်အလံ အလေးပြုခြင်း၊ နိုင်ငံတော်သီချင်းနှင့် မြန်မာ့ကျောင်းသီချင်းများ သီဆိုခြင်းဖြင့် ကျောင်းသား၊ကျောင်းသူများ၏ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်များ ရှင်သန်ထက်မြက်စေရေး၊ စည်းကမ်း ကောင်းမွန်ရေး ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် သံဖြူဇရပ်မြို့နယ် ဖောင်စိန်ကျေးရွာ မိခင်နှင့်ကလေး ကျန်းမာရေးဌာနတည်ဆောက်ရန် ရွေးချယ် သတ်မှတ်ထားသည့် အလျား(၁၅၇)ပေ အနံ(၁၂၀)ပေ မြေနေရာအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။
စည်သူ(ပြန်/ဆက်)