ပေါင်မြို့နယ်၌ ဥပဒေရေးရာနှင့်မှုခင်းကျဆင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ပေါင် ဇွန် ၁၀

မွန်ပြည်နယ်၊ ပေါင်မြို့နယ် အ.ထ.ကထန်းပင်ချောင်ကြီးကျောင်း၌ ဥပဒေရေးရာနှင့် မှုခင်းကျဆင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယ‌မန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ပေါင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မြင့်ထွန်း၊ ပေါင်မြို့နယ်ဥပဒေအရာရှိ ဦးမျိုးထက်ကျော်၊ ပေါင်မြို့မစခန်းမှူး ဒုရဲမှူးကျော်စိုးသန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းထက်ထက်ဟန်၊ ပေါင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်မေသီတာစိုး၊ ထန်းပင်ချောင်ကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာဝင်းနှင့် ဆရာ၊ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ (၂၅၀)ဦး တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မြင့်ထွန်က မှုခင်းကျဆင်းရေးအသိပညာပေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပေါင်မြို့နယ်ဥပဒေအရာရှိ ဦးမျိုးထက်ကျော်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအသိပညာပေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပေါင်မြို့မစခန်းမှူး ဒုရဲမှူးကျော်စိုးသန်းက လူကုန်ကူးမှုတားဆီးကာကွယ်‌ရေးဆိုင်ရာအသိပညာပေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းထက်ထက်ဟန်က သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါကဆောင်ရန်၊ ရှောင်ရန်အချက်များကိုလည်းကောင်း၊ မြို့နယ်တိုင်ရင်းဆေးကုဌာနမှ လက်ထောက်တိုင်ရင်းဆေးမှူး ဒေါ်မေသီတာစိုးက ရာသီတုပ်ကွေး‌ရောဂါအကြောင်းကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ရာ ကျောင်းသား၊ကျောင်းသူများက သိလိုသည်များကိုမေးမြန်းပြီး တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့သည်။

ဆက်လက်၍ (အ.ထ.က)ထန်းပင်ချောင်ကြီးကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာဝင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနအလိုက် လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)