တန့်ယန်း ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ချပြရှင်းလင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ထွန်းက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်ပြန်လည် ရွေးချယ်ဆောင်ရွက်ရန်အတွက် ဆောင်ရွက်ရမည့် ဥပဒေ၊ နည်းဥပဒေနှင့် အသစ်ပြင်ဆင် ပြဋ္ဌာန်းထားသည့် နည်းဥပဒေများကို ပရိုဂျက်တာဖြင့် ချပြရှင်းလင်းပေးခဲ့သည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက် လာကြသော ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူတို့က သိရှိလိုသည်များကို ပါဝင်ဆွေးနွေး တင်ပြခဲ့ကြသည်။
တန့်ယန်းမြို့နယ်တွင် ရပ်ကွက်(၁၀)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄၉)အုပ်စုရှိရာ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး အသစ်ပြန်လည်ရွေးချယ် ဆောင်ရွက်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ပါဝင်သည့် မြို့နယ်ကြီးကြပ်ရေးအဖွဲ့ (၇)ဖွဲ့အား ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)