ကျေးသီးမြို့တွင် ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေးသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ကျေးသီး    ဇန်နဝါရီ   ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀−၂၀၂၁ ခု ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေးသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခန့်က ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဉီးစီးမှူး ဦးညွန့်ဆောင်က သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုး၊ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်း ဖြစ်ကြောင်းနှင့် သင်တန်းသားများအနေဖြင့် သင်တန်းမှ ရရှိလာသည့် အတတ်ပညာများကို လုပ်ငန်းခွင်၌ လက်တွေ့အသုံးချစေလိုကြောင်း ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနမှ မြို့နယ် ဦးစီးမှူးဦးထွန်းလင်းက စိုက်ပျိုးရေးဆိုင်ရာ စက်ပစ္စည်းသုံးစွဲနည်းစနစ်၊  သိပ္ပံနည်းကျ စိုက်ပျိုးစနစ်၊  စပါးမျိုးသန့်နည်း ပညာ စသည့် ဘာသာရပ်ဆိုင်ရာများနှင့် ပတ်သက်ပြီး လက်တွေ့ဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဉီးစီးမှူး ဦးညွန့်ဆောင်နှင့် မြို့နယ်စိုက်ပျိုးရေးဉီးစီး ဌာန၊ မြို့နယ်ဦးစီးမှူး ဉီးထွန်းလင်းတို့က သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးတို့အား သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ခဲ့ကြောင်း သိရသည်။  

သဲစုပိုင်(ပြန်/ဆက်)