မြစ်ကြီးနားမြို့ရှိ သူနာပြုသင်တန်းကျောင်းအား သူနာပြုသိပ္ပံအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်

မြစ်ကြီးနား ဇွန် ၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၏ သူနာပြုသင်တန်းကျောင်း (မြစ်ကြီးနား)အား သူနာပြုသိပ္ပံ (မြစ်ကြီးနား)အဖြစ် ကျန်းမာရေးဝန်ကြီးဌာနက အဆင့်မြှင့်တင်ပေးမည်ဖြစ်ရာ ထိုသို့အဆင့်တိုးမြှင့်ဖွင့်လှစ်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်တို့က ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးများသည် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးပြည်သိန်း၊ ကျောင်းအုပ်ကြီး၊ တာဝန်ရှိသူများနှင့်အတူ သင်တန်းကျောင်းအား အဆင့်တိုးမြှင့်ဖွင့်လှစ် နိုင်ရေးအတွက် ကျောင်းရှေ့တွင် သူနာပြုသိပ္ပံ(မြစ်ကြီးနား) အဖြစ် ဆိုင်းဘုတ်အသစ်တည်ဆောက်နိုင်ရေး နှင့် အဆင့်တိုးမြှင့်ဖွင့်လှစ်နိုင်ရေးအတွက် သူနာပြုသိပ္ပံအင်္ဂါရပ်နှင့်အညီ စာသင်ဆောင်များ ဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပရေး၊ စာသင်ခန်းများ စနစ်တကျ ရှိစေရေး၊ ကွန်ပျူတာခန်း၊ ကျွမ်းကျင်မှုဆိုင်ရာပုံစံတူလက်တွေ့သင်ကြားရေးခန်းမ၊ စာကြည့်တိုက်တို့အား စနစ်တကျ ပြင်ဆင်မွမ်းမံနိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ သူနာပြုသင်တန်းကျောင်း (မြစ်ကြီးနား)သည် ၁၉၉၃ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး နှစ်စဉ် သူနာပြု-ဒီပလိုမာများကို စနစ်တကျလေ့ကျင့်သင်ကြားပေးလျက်ရှိရာ ယနေ့အထိ သူနာပြု (၁၆၂၈)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်းသိရပြီး ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ယခုနှစ် ၂၀၂၆ ခုနှစ် သူနာပြု သိပ္ပံအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)