မိုင်းယောင်း၌ ဆောင်းသီးနှံ ပဲပိစပ်၊ ပဲတီစိမ်းနှင့် ကုလားပဲ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း

မိုင်းယောင်း ဇန်နဝါရီ  ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယခုနှစ်၌ ဆောင်းသီးနှံ ပဲပိစပ်၊ ပဲတီစိမ်းနှင့် ကုလားပဲ များကို စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိုင်းယောင်းမြို့နယ်တွင် တောင်သူများသည် မိုးစပါးစိုက်ပျိုးရိတ်သိမ်းပြီးချိန်၌ ယာခင်းများတွင် ဆောင်းသီးနှံများကို ဆက်လက် ထွန်ယက်စိုက်ပျိုးကြကာ ယခုနှစ်တွင် ပဲပိစပ်၊ ပဲတီစိမ်းနှင့် ကုလားပဲများကို စမ်းသပ်စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်း လျက်ရှိပြီး စနစ်တကျ ဘောင်စနစ်ဖြင့် စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုး နှင့် ဝန်ထမ်းများက ကွင်းဆင်းကာ အသိပညာပေးခြင်းများ ပူးပေါင်းဆောင်ရွက်ပေးကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း၌ ပြည်သူများနှင့် တောင်သူများအား နေအိမ်ဥယျာဉ်ခြံစိုက်ပျိုးနိုင်ရေးနှင့် ယာခင်းများ၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးပြီး ခြံထွက်သီးနှံများကို ရောင်းချ နိုင်ရေးအတွက် ငရုတ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ နနွင်းနှင့် ဟင်းသီးဟင်းရွက်များဖြစ်သည့် ဂေါ်ဖီထုပ်၊ မုန်ညှင်း၊ နံနံ၊ ကိုက်လန်၊ ကန်စွန်း၊ ချဉ်ပေါင်၊ ခရမ်း၊ ဖရုံ၊ ဘူး၊ ရုံးပတီနှင့် ပဲအမျိုးမျိုးသော သီးနှံမျိုးစေ့များကို အိမ်တိုင်ရာရောက် အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

အားချာ(ပြန်/ဆက်)