မူဆယ် ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ နယ်စပ်ဒေသ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူနိုင်ရေးအတွက် မူဆယ် စီးပွားရေးလုပ်ငန်းရှင်များအသင်းမှ သိန်းပေါင်း (၆၆၂)သိန်း ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီ အချိန်ခန့်က မူဆယ်ခရိုင်၊ ခရိုင်/မြို့နယ် စုပေါင်းအစည်းအဝေးခန်းမ၌ ကျန်းမာရေး လမ်းညွှန်ချက်နှင့်အညီ ပြုလုပ်ကျင်းပသည်။
အခမ်းအနားတွင် မူဆယ်ခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူနိုင်ရေးအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး မူဆယ်စီးပွားရေး လုပ်ငန်းရှင်များ အသင်းမှ ဒါရိုက်တာဦးဟန်ဝင်းနှင့် ဦးအောင်ရင်တို့က အလှူငွေပေးအပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူးက လက်ခံပြီး လှူဒါန်းမှုအပေါ် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူနိုင်ရေးအတွက် အလှူငွေပေးအပ်လှူဒါန်းမှုအပေါ် ခရိုင်အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်ဂုဏ်ပြုစကား ပြန်လည်ပြောကြားပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံများ ရိုက်ကူးသည်။ ထို့အပြင် မူဆယ်မြို့၊ နယ်စပ် ဒေသ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မူဆယ်စီးပွားရေး လုပ်ငန်းရှင်များအသင်းမှ ကြိုတင်ကာကွယ်ရေး အထောက်အကူပြု အသုံးအဆောင်ပစ္စည်းများနှင့် အလှူငွေများကို ပါဝင်လှူဒါန်းခဲ့သလို မူဆယ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ဝယ်ယူနိုင်ရေးအတွက် ထပ်မံလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)