ရန်ကုန် ဇန်နဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေး ပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့က အိမ်တိုင် ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လ များအတွက် ဘိုးဘွားတစ်ဦးလျှင် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား (၉၁၃)ဦးအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ်သိန်း (၂၇၀)အား သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့က အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိ ရသည်။
ကြည်ဇေသော် (ပြန်/ဆက်)