စားအုန်းဆီဈေးများ ယခင်ကထက် နှစ်ဆနီးပါး ဈေးတက်လာ

မန္တလေးဇန်နဝါရီလ    ၂၀

ပြည်တွင်းထုတ်လုပ်သည့် ပဲဆီ၊ နှမ်းဆီ၊နေကြာဆီများ ဈေးတည်ငြိမ်နေသော်လည်း စားအုန်းဆီဈေးများ ယခင်ကထက် နှစ်ဆနီးပါး ဈေးတက် လာကြောင်း ဆီစက်ပိုင်ရှင်များအသင်းက သိရသည်။ 

" စားအုန်းဆီအခြေအနေက အဓိက ထုတ်လုပ်တဲ့ တိုင်းပြည်တွေဖြစ်တဲ့ မလေးရှား အင်ဒိုနီးရှားမှာလည်း ထုတ်လုပ်မှု ကျတယ်။ ကိုဗစ်ကာလဖြစ်တဲ့အတွက် သူတို့ဆီမှာလည်း လုပ်သားတွေက အလုပ်မဆင်း နိုင်တာကြောင့် ထုတ်လုပ်မှုတွေ ကျတယ်။ ထုတ်လုပ်မှုတွေကျတော့ ဝယ်လိုအားကကျ မြင့်တက်တယ်။ ပြောင်းပြန်ဖြစ်သွားတာပေါ့။ ဝယ်လိုအား ဘာကြောင့်မြင့်တက်လဲဆိုရင် သူကိုအဓိကထားဝယ်တဲ့ အိန္ဒိယတို့ တရုတ်တို့ အာဖရိကန်နိုင်ငံတွေ အဲဒီနိုင်ငံတွေရဲ့ ဝယ်လိုအားက ပုံမှန်ဝယ်တာထက်ပိုဝယ်တယ်။ ဘာလို့လဲဆိုတော့ သူတို့က ကိုဗစ်ကာလဖြစ်တဲ့အတွက် အရံဆီတွေ ဝယ်ကြတဲ့တိုင်းပြည်တွေ များလာတာပေါ့။ အဲတော့ Supply က လျော့ကျပြီး Demandက မြင့်တက်တဲ့အတွက် ထုံးစံအတိုင်း စားအုန်းဆီဈေးက ၄၊ ၅၊ ၁၀နှစ်အတွင်းမှာ အမြင့်ဆုံးထိရောက်လာတာပေါ့။ ပြည်တွင်းထုတ်ဆီတွေ ကတော့ သိပ်ပြီး ထူးထူးခြားခြားပြောင်းလဲတာ မရှိပါဘူး။ အဓိကက ဆီထွက်သီးနှံတွေရဲ့ ထွက်ရှိမှုကလည်း ခါတိုင်းနှစ်တွေလိုပါဘဲ ထူးထူးခြားခြားအပြောင်းလဲ မရှိဘူး။ ဒါကြောင့် ဆီဈေးလည်း အပြောင်းလဲ မရှိဘူး။ အဲဒါကြောင့် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီပေါ့။ ထူးခြားတာက နှမ်းကတော့ ခါတိုင်းနှစ်တွေထက် နိုင်ငံခြားတင်ပို့မှု နည်းတယ်။ ဈေးကွက်အရနည်းတယ်ပေါ့။ ဈေးကောင်းမရှိတဲ့ အတွက် နှမ်းဆီကတော့ နည်းနည်းခါတိုင်းနှစ်တွေထက် ဈေးနည်းတယ်။ " ဟု မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဦး က ပြောသည်။

ကိုဗစ်-၁၉ မဖြစ်ခင်က စားအုန်းဆီ တစ်ပိသာလျှင် ၁၄၀၀ကျပ် ၁၅၀၀ကျပ်ရှိရာမှ ယခုအခါ စားအုန်းဆီ တစ်ပိသာလျှင် ၂၆၀၀ကျပ်မှ ၂၇၀၀ကျပ်ဝန်းကျင်ထိ မြင့်တက်လာကြောင်း၊ စားသုံးဆီဈေးတက်သွား သော်လည်း ပြည်တွင်းထုတ်ဆီများမှာ ဈေးနှုန်းအနေအထားအရ ထူးထူးခြားခြားပြောင်းလဲမှုမရှိကြောင်း၊ ဆီထွက်သီးနှံများထွက်ရှိမှုမှာလည်း ခါတိုင်းနှစ်များအတိုင်း သာရှိပြီး ဆီဈေးများလည်းအပြောင်းလဲ မရှိကြောင်း၊  နှမ်းသီးနှံအနေဖြင့် ခါတိုင်းနှစ်များထက် နိုင်ငံခြား တင်ပို့မှုနည်းမှာ ဈေးကွက်အရနည်းပြီး ဈေးကောင်းမရရှိသည့်အတွက်နှမ်းဆီဈေးနှုန်းမှာ ခါတိုင်းနှစ် တွေထက်ဈေးနှုန်းနည်းကြောင်းသိရသည်။

" စားအုန်းဆီက မထင်မှတ်လောက်အောင် ဈေးတက်သွားတယ်။ ကိုဗစ်မတိုင်မီက မန္တလေးပေါက်ဈေး ၁၆၀၀ကျပ် ဝန်းကျင်ကနေ အခုဆို ၂၇၀၀ကျပ်ဝန်းကျင်လောက် ဖြစ်သွားတယ်။ စားအုန်းဆီဈေးနှုန်းက အများကြီးတက်သွားတာပေါ့။ မြေပဲဆီ၊နှမ်းဆီ၊ နေကြာဆီစတဲ့ ပြည်တွင်းထွက်ဆီတွေကတော့ ဈေးနှုန်း ငြိမ်ပါတယ်။ ဈေးကွက် သိပ်မပြောင်းပါဘူး။ ဆီစက်တွေကတော့ နိုင်ငံခြားက သွင်းတဲ့ဆီတွေနဲ့ ဘယ်လိုမှ မယှဉ်နိုင်တော့ နည်းနည်းလေးတော့ ကျတယ်။ မနှစ်ကလည်း ကျတယ်။ ဒီနှစ်လည်း ပိုကျတာပေါ့။ မန္တလေးမြို့မှာရှိတဲ့ ဆီစက်တွေရဲ့ ၂၀ရာခိုင်နှုန်လောက်ဘဲ လည်ပတ်မယ်ထင်ပါတယ်။ ကျန်တဲ့သူတွေ ကတော့ နားပြီး လုပ်ငန်းပြောင်းကုန်ကြပြီ။ အဓိကကတော့ မန္တလေးက မြေပဲဆီ အဓိကပါဘဲ ကျန်တဲ့ဆီက သိပ်မထုတ်ဘူး။ ဈေးအတက်အကျကလည်းသိပ်မရှိဘူး။ တစ်ကြိမ်လောက်ဘဲ ထဖောက် တာပါ။ " ဟု ဆီစက်ပိုင်ရှင် ဦးသန်းလွင်က ပြောသည်။

နှမ်းဆီတစ်ပိသာလျှင် ၅၀၀၀ကျပ်မှ ၆၅၀၀ကျပ်ဝန်းကျင်ရှိကြောင်း၊ မြေပဲဆီ တစ်ပိသာလျှင် ၆၀၀၀ကျပ်မှ ၇၀၀၀ကျပ် ဝန်းကျင်ထိ ရှိကြောင်း၊ လက်ရှိတွင် မန္တလေးကုန်စည်ဒိုင်ယာယီပိတ်ထားသည့် အတွက်မြေပဲ ကုန်ကြမ်းများကိုမြေပဲစိုက်ပျိုး ထွက်ရှိသည့် နယ်များမှ တိုက်ရိုက်ဝယ်ယူနေရကြောင်း၊ မန္တလေးမြို့ရှိ ဆီစက်များ၏ ၂၀ရာခိုင်နှုန်း ဝန်းကျင်သာလည်ပတ်နေကြပြီး ရပ်နားထားနေသည့် ဆီစက်အချိုလည်း ရှိကြောင်းသိရသည်။

ထိပ်ထားနိုင်