ကိုဗစ်-၁၉ ကာလအတွင်း Digital Marketing ဖြင့် ရောင်းဝယ်မှုပုံစံဘက်ဦးတည်လာသည့် မြန်မာနိုင်ငံအိမ်ခြံမြေဈေးကွက်

မန္တလေး၊ ဇန်နဝါရီ ၂၀

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အချိန်ကြာမြင့်လာသည့်နောက်ပိုင်း အိမ်ခြံမြေရောင်းဝယ်မှုပုံစံမှာ Digital Marketing ဖြင့် အရောင်းအဝယ်များ ပြုလုပ်လာသည့် ဘက်သို့ ဦးတည်လာကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရသည်။

" ၂၀၂၀ခုနှစ် မတ်လနောက်ပိုင်းကို ကိုဗစ်အခြေအနေက သတ်မှတ်ချက်တွေနဲ့ အညီ သွားတယ်။ အဲဒီအချိန်အခါမှာ ဘာတွေ ထွန်းကားလာလဲဆိုတော့ အရင်တုန်းက အိမ်ခြံမြေစီးပွားရေးလုပ်ငန်းမှာ လက်တွေ့ကွင်းဆင်းပြီးတော့မှ လုပ်ကိုင်ဆောင်ရွက်တဲ့ အချိန်အခါကျတော့ တစ်ယောက်နဲ့ တစ်ယောက်ထိတွေ့ပြီးမှ ဝယ်တာရောင်းတာတွေ ရှိတယ်။ သို့ပေမယ့် အခုအချိန်အခါမှာ ပြောင်းလဲလာတဲ့အခြေအနေအရ ကွင်းဆင်းပြီးတော့ မကြည့်ရသော်လည်း လိုင်းပေါ်မှာတင်ပြီး ဖေ့ဘုတ်မှာသော်လည်းကောင်း၊ ဗီဒီယိုနဲ့ သော်လည်းကောင်း အိမ်ခြံမြေစီးပွားရေးပေါ်မှာ ဒီလို အရောင်းဝယ်လုပ်လို့ရပါလားဆိုတဲ့ အသိကဝင်လာတဲ့အတွက် အိမ်ခြံမြေစီးပွားရေးနဲ့ ပတ်သက်တဲ့လုပ်ငန်းမှာ Digital Marketing System ထွန်းကားလာတယ်လို့ ပြောလို့ရပါတယ်။ နဂိုက သွားနေတာက လုပ်ရိုးလုပ်စဉ်အနေနဲ့ သွားတာပေါ့။ စာအုပ်အပေါ်မှာ တန်းသွင်းမယ်။ ပြီးတော့ လိုက်ပြမယ်။ လိုက်ပြပြီးတော့မှ ဒီအပေါ်မှာ ဆုံးဖြတ်မယ်။ ဒါပေမယ့် တချို့တလေက လိုက်မပြသော်လည်း သူ GPS နဲ့ ထောက်ပြလိုက်မယ်၊ အကွက်အကွင်းနဲ့ မြေနေရာကို ဖုန်းနဲ့ မေးပြီးတော့မှ ကြိုက်ရင် ဈေးဘယ်လောက်လဲ။ တစ်ယောက်နဲ့ တစ်ယောက် ကြားထဲကနေ အကျိုးဆောင်မှုတွေ လုပ်ပေးတဲ့အချိန်အခါမှာ သြဂုတ်လ နောက်ပိုင်းမှာတော့ အိမ်ခြံမြေစီးပွားရေးက ပြန်ပြီးတော့ အခြေနေကောင်းလာပါတယ်" ဟု မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်က ပြောသည်။

လက်ရှိ စီးပွားရေးကြပ်တည်းလာသည့်အတွက် မြို့တွင်းအိမ်ခြံမြေများ ဝယ်ယူကာ မြေပေါ်ရင်းနှီးမြှုပ်နှံမှုများထက် ငှားပြီးရင်နှီးမြှုပ်မှုများ ထွန်းကားလာသဖြင့် မြို့တွင်း အိမ်ခြံမြေရောင်းဝယ်မှုများ ကျဆင်းလာကြောင်း၊ မြို့တွင်း အိမ်ခြံမြေဈေးနှုန်းများသည် မြို့ပြင်အိမ်ခြံမြေဈေးကွက်များနှင့် ကွာခြားလွန်းသဖြင့် ကျယ်ကျယ်ဝန်းဝန်းနှင့် လမ်းကောင်းသည့် မြို့ပြင်အိမ်ခြံမြေများ ပိုမိုအရောင်းဝယ်ဖြစ်ကြောင်း သိရသည်။                              

"လက်ရှိမြို့တွင်းပိုင်း အရောင်းအဝယ်က ကျတယ်။ မြို့တွင်းပိုင်းအရောင်းအဝယ်တာက လူတွေရဲ့ ရင်းနှီးမြှုပ်နှံမှုက စီးပွားရေးကြပ်တဲ့အတွက် သူတို့က မြေပေါ်မှာ ဝယ်ယူပြီးတော့ ရင်းနှီးမြှုပ်နှံတာထက် ငှားပြီးရင်းနှီးမြှုပ်နှံတဲ့ ကိစ္စပိုပြီးထွန်းကားလာတယ်။ အရင်ချိန်ခါတုန်းက မြေကို ဝယ်လိုက်မယ်။ အဲဒီအပေါ်မှာ ရင်းနှီးမြှုပ်နှံမယ်။ မြေကလည်း တက်သွားမယ်။ စီးပွားရေးလုပ်ငန်းကလည်း အဆင်ပြေမယ်။ အခုကျတော့ အိမ်ခြံမြေရဲ့ သဘောက ရောင်းချင်တဲ့အချိန်မှာ ရုတ်တရက် ရောင်းမရဘူး။ ဈေးကလည်း ထူးထူးခြားခြား တက်မလာဘူးဆိုတော့ ဒီအပေါ်မှာ မြို့တွင်းပိုင်းကို ဝယ်ယူပြီးတော့ ကုမ္ပဏီဖွင့်တဲ့ကိစ္စက အင်မတန်ရှားသွားတယ်။ ငှားပြီးတော့မှဘဲ ဖွင့်တယ်။ နောက်တစ်ချက်က မြို့တွင်း ဈေးနှုန်းတွေက မြို့ပြင်ဈေးနှုန်းနဲ့ တချို့နေရာမှာ တအားကွာခြားတယ်။ မန္တလေးမြို့ရဲ့ အခြေအနေကလည်း မြို့ပြင်ကို ရွေ့တယ်။ ရန်ကုန် မန္တလေး နေပြည်တော် အပြိုင်အဆိုင် ဈေးကွက်ကြီး ၃ ခု ရှိတယ်။ အဲဒီထဲမှာ ရန်ကုန်ဘဲ ဖြစ်ဖြစ် မန္တလေးဘဲ ဖြစ်ဖြစ် နေပြည်တော်ဘဲ ဖြစ်ဖြစ် အဓိက အရောင်းဝယ်ဖြစ်နေတာက မြို့သစ်တွေမြို့သစ်တွေမှာ အရောင်းဝယ်ဖြစ်တာများတယ်။ " ဟု ဆက်ပြောသည်။

အိမ်ခြံမြေနှင့်ပတ်သက်၍ ပြောင်းလဲလာသည့်ရောင်းဝယ်မှုပုံစံများအနေဖြင့် ဈေးနှုန်းအနည်း ကို အဝေးစနစ်ဖြင့် ဝယ်ယူပြီး ဈေးနှုန်းအမြင့်များကို ကိုယ်တိုင်ကြည့်ရှုဝယ်ယူကြကြောင်း၊ ကိုဗစ်ကာလတွင် လွန်ခဲ့သည့်နှစ်များကထက်စာရင် အနည်းဆုံး ၆၀ ရာခိုင်နှုန်း အရောင်းအဝယ်ဖြစ်နေဆဲဖြစ်ကြောင်း၊  အိမ်ခြံမြေကို အွန်လိုင်းက ကြည့်ရှုဝယ်ယူမှုများမှာ အကျိုးဆောင်လုပ်ငန်းများရဲ့ ခိုင်မာမှုယုံကြည်မှုရသည့်အပေါ် မူတည်လာပြီး ကိုဗစ်ကာလအတွင်း အကျိုးဆောင်ရွက်လုပ်ငန်းတွေပေါ်မှာ ယုံကြည်မှု တည်ဆောက်ရလာကြောင်း သိရသည်။

ထိပ်ထားနိုင်