ကျောက်ဖြူ ဇွန် ၈
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါး တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိ စေရေး၊ မျိုးကောင်းမျိုးသန့်မျိုးစေ့များအား ဌာနနှင့် တောင်သူများပူးပေါင်း၍ မျိုးစေ့ထုတ်စိုက်ခင်းများပြုလုပ်နိုင်ရေးနှင့် မိုးစပါးစံပြကွက်များ စိုက်ပျိုးဆောင်ရွက်နိုင်ရေး တောင်သူများအား မျိုးစပါးများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ဇွန် ၆ ရက် နံနက်ပိုင်းက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ရဲမှူးသန်းဇော်မှ မျိုးစပါးများထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက မိုးစပါး တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် စိုက်ပျိုးရေးနည်းပညာများအားလည်းကောင်း၊ မြို့နယ်ဦးစီးမှူးက မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများနှင့် စံပြကွက်များစနစ်တကျအချိန်မီစိုက်ပျိုးနှိင်ရေးနှင့် မိုးစပါးများအား လျာထားချက်ပြည့်မီအောင် စိုက်ပျိုးပြီးစီးနိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့် တောင်သူများအား တာဝန်ရှိသူများမှ မျိုးစပါးများ ပေးအပ်ခဲ့ကြသည်။
ကျောက်ဖြူမြို့၌ အဆိုပါမျိုးစပါးများကို ပြင်ဖြူမော်ရပ်ကွက်၊ တောင်ရင်းရပ်ကွက်၊ ငလပွေ့ ရပ်ကွက်၊ ဂုံးချွိန်ကျေးရွာနှင့် အုန်းတောကျေးရွာတို့မှ တောင်သူများအား GW-11၊ မှော်ဘီ-၃၊ အောင်နိုင်တိုး၊ ဆင်းသွယ်လတ် စသည့်မျိုးစပါးများအား ပေးအပ်ခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရှိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)