မြစ်သားမြို့နယ်၌ မိုးကြိုသီးနှံပဲတီစိမ်းများ စတင်ရိတ်သိမ်း  

မြစ်သား ဇွန် ၈

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်၌ ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ မိုးကြိုသီးနှံစိုက်ပျိုးရာသီတွင် ကူမဲရှေ့တန်းစခန်းနှင့် မိုင်းမော ရှေ့တန်းစခန်းတို့တွင် ပဲတီစိမ်း ၆၀၇ ဧက စိုက်ပျိုးခဲ့ရာ စိုက်ဧကအားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်းသိရသည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် “ဒီနှစ်မိုးကြိုသီးနှံ စိုက်ပျိုးရာသီက ပဲတီစိမ်း ၆၀၇ ဧက စိုက်ပျိုးနိုင်သဖြင့် လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ခဲ့ပါတယ်၊ ပဲတီစိမ်းစိုက်ပျိုးမှုနှင့်ပတ်သက်၍ ရှေ့တန်းစခန်းတာဝန် ရှိသူများကလည်း ဒေသနှင့်ကိုက်ညီသည့်မျိုးကောင်း မျိုးသန့်များရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ ပိုးမွှား ကင်းစင်ရေးနှင့်သွင်းအားစုများ စနစ်တကျအသုံးပြု နိုင်ရေးတို့အတွက် အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပါတယ်” ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိုးမင်းနိုင်က ပြောပြသည်။

  ကျေးရွာတောင်သူများအနေဖြင့်  ကျောက်စိမ်းမျိုး နှင့် ရေဆင်း(၁၁)မျိုးကို အများဆုံးစိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ (၅-၆) ပြီခန့်ကုန်ကျကြောင်း၊  တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်၊ စုစုပေါင်း၅၀၀၀၀၀/-ကျပ် ခန့်ကုန်ကျ ကြောင်း၊  ယခုအချိန်တွင်ပဲတီစိမ်းများရိတ်သိမ်းလျှက်ရှိပြီး အထွက်နှုန်းအနေဖြင့် ၁၂ တင်းခန့်ထွက်ရှိကြောင်း၊  ယခုနှစ်တွင် ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၉၅၀၀၀  စျေးအရောင်းအဝယ်ဖြစ်နေကြောင်း ပဲတီစိမ်းစိုက်ပျိုးသည့်တောင်သူများထံမှသိရသည်။ 

ဝါဝါမြင့် (မြစ်သား)