မရမ်းကုန်း ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club) တို့ ပူးပေါင်း၍ “စကားလုံးများဖြင့် ကခုန်ခြင်း (စာတမ်း)” ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇွန် ၆ ရက်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်က စာပေချစ်မြတ်နိုးသူများ အချင်းချင်း တစ်ဦးနှင့် တစ်ဦး အပြန်အလှန်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အထများ ဖြစ်ထွန်းလာစေရန်အတွက် စာဖတ်ဝိုင်း၊ စာပေစကားဝိုင်း ဆွေးနွေးပွဲများကို စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး မရမ်းကုန်းမြို့နယ် စာရေးဆရာအသင်း၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း ( Book Club )မှ ဒုတိယဥက္ကဋ္ဌ ဦးရှင်ဇာနန်က စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ခြင်းဖြင့် စာဖတ်ခြင်းအလေ့ကျင့်ကောင်းများ ဖြစ်ပေါ်လာနိုင်ကြောင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဆရာဇော်အောင်၏ “စကားလုံးများဖြင့် ကခုန်ခြင်း (စာတမ်း)”ကို ဆွေးနွေးတင်ပြခဲ့ပြီး အဆိုပါစာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော Book Club အဖွဲ့ဝင် ဆရာ/ ဆရာမတို့က အသီးသီးဆွေးနွေးတင်ပြခဲ့ကြရာ မိမိတို့သိရှိလိုသည်များကို မေးမြန်းပြီး စာမူရှင် ဆရာဇော်အောင်က ပြန်လည်ရှင်းလင်းဆွေးနွေးဖလှယ်ခဲ့ကြပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်စာစောင်များနှင့် နံရံကပ်အသိပညာပေးစာစောင်များကို လေ့လာကြည့်ရှုကြကြောင်း သိရသည်။
ဝေယံ (မရမ်းကုန်း)