စက်မှုနှင့် အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသွင်အောင်နှင့် တာဝန်ရှိသူများ တောင်တွင်းကြီးမြို့နယ် ဝါကြိတ်စက်ရုံသို့ ကြည့်ရှုစစ်ဆေး

တောင်တွင်းကြီး ဇွန် ၇

စက်မှုနှင့် အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသွင်အောင်သည် ယမန့်နေ့နံနက်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မကွေးတိုင်းဒေသကြီး၊ အမှတ် (၄) အထည်ချုပ်စက်ရုံခွဲ (ပွင့်ဖြူ) လက်အောက်ရှိ တောင်တွင်းကြီးမြို့ ဝါကြိတ်စက်ရုံကို ကြည့်ရှုစစ်ဆေးကာ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

ဦးစွာ စက်မှုနှင့် အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသွင်အောင်နှင့်တာဝန်ရှိသူများသည် တောင်တွင်းကြီးမြို့ ဝါကြိတ်စက်ရုံသို့ရောက်ရှိပြီး စက်ရုံတာဝန်ခံက စက်ရုံနှင့်ပတ်သတ်သည့် အချက်အလက်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးဦးသွင်အောင်က စက်များကြံခိုင်ရေးနှင့် လာမည့်ဘဏ္ဍာနှစ်တွင် nipla စက် (၈) လုံး၊ bajaj စက် (၁၄) လုံးဖြင့် ဝါပိဿချိန် ၅ သိန်းကျော် ကြိတ်ခွဲနိုင်ရေး လျာထားလျက်ရှိပြီး ဝါကြိတ်ခွဲမည့်စက်များ အဆင်သင့်ဖြစ်စေရေး၊ ဝါစက်လုပ်ငန်းများ ပိုမိုအောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် ကုန်ကြမ်းကောင်းမှ ကုန်ချောကောင်းမည်ဆိုသည့်အတိုင်း ကုန်းကြမ်းဝါများကို စိစစ်ရွေးချယ်ဝယ်ယူထားရှိနိုင်ရေး၊ စက်ပစ္စည်းများကိုလည်း အမြဲကောင်းမွန်အောင် ပြုပြင်ထားနိုင်ရန်နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ နှောင်းနှေးမှုမဖြစ်ပေါ်စေရေး အထူးအလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)